သရေပွဲတွေများတဲ့ ဥရောပ ရလဒ်တွေ ၊ မာနေး ကို ပွဲပေးမကစားတဲ့ ဘိုင်ယန် ၊ အသင်းလက်မဲ့ ဖြစ်ပြန်တဲ့ ဘောစတားတို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညတုန်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဆီဗီးလား ကို အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျအောင် ကစားခဲ့ပါတယ် ။ ယူနိုက်တက် က ၂-၀ နဲ့ မိနစ် ၈၀ အထိ အနိုင်ရနေပေမယ့် Own Goal ၂ ဂိုးကြောင့် ဒုတိယအကျော့ အတွက် ဖိအားဝင်ခဲ့ရပါပြီ ။

ယူနိုက်တက် ရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ အဝါကတ်ကြောင့် နောက်တကျော့ ကို မပါနိုင်တော့ပါဘူး ။

ယူဗင်တပ် က အိမ်ကွင်းမှာ စပို့တင်း အသင်းကို ၁-၀ နဲ့ နိုင်ပြီး ရိုးမား ကတော့ အဝေးကွင်းမှာ ဖီယင်နော့ ကို ၁-၀ နဲ့ ရှုံးခဲ့ ပါတယ် ။ လေဗာကူဆင် နဲ့ ယူနီယံ စိန့် ဂီလွိုက်စ် တို့လည်း ၁ ဂိုးစီ သရေကျခဲ့ကြတာပါ ။

ယူရိုပါ ကွန်းဖ၇င့်စ် လိဂ် မှာတော့ ဝက်စ်ဟမ်း ဟာ ဘယ်လ်ဂျီယံ ကလပ် ဂျန့် နဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီကမှ ခေါ်ယူပြီး ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားတဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ စာချုပ်ကို နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်း တိုးလိုက်ပြီလို့ သိရပါတယ် ။ ဒါကြောင့် အန်ဇို ဟာ လန်ဒန် ကလပ် မှာ ၂၀၃၂ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေတော့မှာပါ ။

အိုလီပီယာကော့စ် အသင်းကတော့ ကိုလံဘီယာ ဘောလုံးစတား ဟားမက် ရိုဒရီဂွက်စ် ရဲ့ စာချုပ်ကို ဖျက်သိမ်း လိုက်ပါပြီ ။ ဒါကြောင့် အဲဗာတန် ၊ အယ်လ်ရေယန် တို့မှာ ကစားခဲ့တဲ့ ရီးရဲ မက်ဒရစ် ကွင်းလယ်လူဟောင်းဟာ အသင်းလက်မဲ့ ပြန်ဖြစ်သွားခဲ့ရပြန် ပါပြီ ။

ရိုနယ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းကလည်း နည်းပြ ရူဒီဂါစီယာ နဲ့ ၂ ဦး သဘောတူ လမ်းခွဲခဲ့ ပါတယ် ။ လက်ရှိမှာတော့ နည်းပြသစ် ကို ရှာဖွေနေဆဲ ဖြစ်ပြီး ရိုနယ်ဒို နဲ့ သိကျွမ်းရင်းနှီးတဲ့ နည်းပြတွေဟာ ဒီနေရာလွတ် အတွက် ရေပန်းစားနေကြပါတယ် ။

ဘိုင်ယန်မြုးနစ် ကတော့ ဆာနေး နဲ့ အငြင်းပွားရာကနေ လက်ပါခဲ့တဲ့ မာနေး ကို အခုတပတ် ကစားမယ့် ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ ပါဝင်ခွင့် ပိတ်ပင်လိုက်ပြီး ဆက်လက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ ပါတယ် ။

ဘရိုက်တန် နည်းပြ ဒီဇာဘီ က ဂျပန် လက်ရွေးစင် မီတိုမာ ဟာ အသင်းမှာ ဆက်ရှိ နေနိုင်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အရိပ်မြွက် ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

နယူးကာဆယ် ရှေ့တန်းလူ အလန် စိန့် မက်ဆီဆင် ကတော့ ဒဏ်ရာ အခြေအနေ သက်သာလာမှု မရှိသေးဘဲ နောက်ထပ် ၄ ပတ်လောက်အထိ ဆက်လက် အနားယူရဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး နောက်ခံလူ ရောဘတ်ဆန် ကို တောင်းပန်အပြီးမှာတော့ ရောဘတ်ဆန်ကို တံတောင်နဲ့ တွတ်မိခဲ့တဲ့ စည်းကြပ်ဒိုင် ကို ပရီးမီးယားလိဂ် က ထပ်မံ အရေးယူမှု မပြု‌လုပ်တော့ဘူးလို့ ထုတ်ပြန်ခဲ့ ပါတယ် ။

လာမယ့် ၂၀၂၃/၂၀၂၄ ဘောလုံးရာသီ ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဇွန်လ ၁၅ ရက်နေ့ မှာ ထုတ်ပြန် ကြေညာသွားမယ်လို့ မနေ့ညက အသိပေးထုတ်ပြန်ခဲ့ ပါတယ် ။

 

SPORTS MYANMAR