နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူတန် တောင်း အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိပြီး အဆင့် ၆ နေရာကို တက်လှမ်း လာနိုင်ခဲ့ပါတယ် ။ နယူးကာဆယ် အသင်းကတော့ ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အဆင့်ကျ သွားပြီး မန်ယူနိုက်တက်အောက်ကို ရောက်ရှိသွားခဲ့ရပါတယ် ။

 

အာဆင်နယ်ကတော့ ပုံစံကောင်းတွေ ဆက်လက် ပြသနေခဲ့ပြီး အိမ်ကွင်းမှာ ဘန်လေ အသင်းကို ၃-၁ နဲ့ အနိုင် ကစားပြီး မန်စီးတီးပွဲ မတိုင်ခင်မှာ အဆင့် ၁ နဲ့ အမှတ်တူ ရပ်တည်လာနိုင်ခဲ့ပါတယ် ။ တော့တင်ဟမ် ဟော့စပါး အသင်းကတော့ လူမစုံတဲ့ဒဏ်ကို ခံစားခဲ့ရပြီး အဝေးကွင်းမှာ ဝုဗ် ကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။

 

ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ မနေ့ညကပွဲမှာ ၂ ဂိုး သွင်းယူပြီး ၁၁ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်တဲ့ မှတ်တိုင်ကို စိုက်ထူသွားနိုင်ခဲ့ ပါတယ် ။ ဒေါ့မွန် ကတော့ စတုဂတ် အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းကတော့ ဘယ်လင်ဂမ် မပါနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ဗလင်စီယာ အသင်းကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ကစားခဲ့ပါတယ် ။ ရီးရဲ အတွက် ဗီနီရှပ် နဲ့ ရိုဒရီဂို တို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြတာပါ ။ ဘယ်လင်ဂမ် ကတော့ ၂ ပတ်လောက် နားရနိုင်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဆေးအဖွဲ့ က သူ့ရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးသွားမယ်လို့ သိရပါတယ် ။

 

အီတလီ စီးရီးအေမှာတော့ ယူဗင်တပ် ဟာ ကာဂလီယာလီ အသင်းကို ၂-၁ နဲ့ အနိုင်ကစားပြီး အဆင့် ၁ နေရာကို ယာယီတက်လှမ်းလာ နိုင်ခဲ့ပါတယ် ။ အေစီမီလန် ကတော့ လက်ချီ အသင်းနဲ့ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ် ။

 

ဆော်ဒီပရိုလိဂ် မှာလည်း အယ်လ်နက်ဆာ အသင်းဟာ အယ်ဝါဒါ အသင်းကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင် ကစားပြီး အဆင့် ၁ က အယ်လ်ဟီလေ အသင်းကို ၄ မှတ်အကွာကနေ ဆက်လက် ဖိအားပေးနေပါတယ် ။ အယ်လ်နက်ဆာ အတွက် ရိုနယ်ဒို ၁ ဂိုး သွင်းပေးခဲ့ပြီး ၂၀၂၃ ထဲမှာ ၄၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂါနာ ကစားသမား အန်ဒရေ အယူး ဟာ ပြင်သစ် ကလပ် လီဟာဗေး အသင်းနဲ့ စာချုပ်ချုပ်ဆို လိုက်တယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR