ချဲလ်ဆီး အကြောင်း ထပ်မမေးဖို့ သတင်းထောက်တွေကို မေတ္တာရပ်ခံခဲ့ရတဲ့ တူချယ်

ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲ ၂ပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိရာ ၊ မန်ချက်စတာ ၊ အီတီဟတ်ကွင်းမှ မန်စီးတီး – ဘိုင်ယန်မြူးနစ် ပွဲကိုတော့ ကမ္ဘာတလွှားက ပရိသတ်တွေ စိတ်ပါဝင်စားစွာ ကြည့်ရှုကြဖို့ ရှိပါတယ် ။

ဒါဟာ ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတာ တပတ်သာသာပဲ ရှိသေးတဲ့သောမတ်စ် တူချယ် အတွက် အင်္ဂလန်ကို ၇လဝန်းကျင် အကြာမှာ တကျော့ပြန် ပြန်ရောက်လာမယ့် အခြေအနေပဲ ဖြစ်ပါတယ် ။ ဘိုင်ယန်ဟာ ၄င်းတို့ကို ကွာတားသို့ ပို့ဆောင်ပေးခဲ့တဲ့ ဂျူလီယန် နာဂယ်စ်မန်းကို ထုတ်ပယ်ခဲ့ကာ ၊ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တူချယ်ကို ၂နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူခန့်အပ်ထားတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အပတ် ကြားရက်က ပိုကယ်ဖလား ကွာတားဖိုင်နယ်မှာ ဖရိုင်းဘာ့ဂ် အသင်းကို ၁ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ ဖလား ၃လုံး လမ်းကြောင်းကနေ သွေဖယ်ခဲ့ပေမယ့် ၊ ဘိုင်ယန်ရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်စ်လီဂါ ဖြစ်တာမို့ တူချယ် အနေနဲ့ မန်စီးတီးနဲ့ စမ်းသပ်ခံပွဲကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ်က ယခုနှစ် ရာသီ အစပိုင်းလေးမှာတင် ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရလို့ ဘိုင်ယန်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့ စိတ်ဆန္ဒ ပိုမိုပြင်းပြနေသလားဆိုတဲ့ အမေး အပေါ် အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” ချဲလ်ဆီးက ကျွန်တော့ကို ထုတ်ပယ်ခဲ့လို့ ချန်ပီယံလိဂ်ဖလား ရယူဖို့ ပိုမို ဆန္ဒပြင်းပြစေသလား ? မဟုတ်ရပါဘူး ။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ကျွန်တော်သာ ချန်ပီယံလိဂ်ဖလား အတွက် စိတ်ဆန္ဒ မပြင်းပြနေဘူးဆိုရင် မနက်ဖြန် ကလပ် ဘုတ်အဖွဲ့ဆီ ကျွန်တော့ စာချုပ် ပြန်အပ်လိုက်လို့ ရပါတယ် ။ ”

” ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲမျိုးမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရတာက တကယ် ဝမ်းမြောက်ကြည်နူးစရာ ကိစ္စ တရပ် ၊ ကြီးကျယ်တဲ့ လက်ဆောင်မွန် တရပ်သာ ဖြစ်ပါတယ် ။ နားထောင် ၊ အင်္ဂါနေ့ ၊ ဗုဒ္ဓဟူးနေ့တွေမှာ ကန်ရတဲ့ ဥရောပပြိုင်ပွဲဟာ ခင်ဗျား ဝင်ရောက် ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ် ။ ”

” ခင်ဗျားသာ ဒီပြိုင်ပွဲမှာ ကစားသမား တယောက် အနေနဲ့သော်လည်းကောင်း ၊ နည်းပြ တဦး အနေနဲ့သော်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရနေမယ်ဆိုရင် ဒါက ဘဝက ပေးတဲ့ ဆုလာဘ် တခု ဖြစ်ပါတယ် ။ ဒီအတွက် ကျွန်တော် အများကြီး ကျေးဇူးတင်ရပါတယ် ။ ”

” နောက်ပြီး ကျွန်တော့ အနေနဲ့ အသင်းနဲ့ ကစားသမားတွေ အတွက် အကောင်းဆုံးသော ကြိုးစားအားထုတ်မှုတွေ ၊ အမြင့်မားဆုံးသော စိတ်ဆန္ဒပြင်းပြမှုတွေနဲ့ ကူညီ ပေးဆပ်ရမှာ မလွဲမသွေပါပဲ ။ ဒါပါပဲ ။ နောက်ထပ် အပို စိတ်ဓာတ် လှုံ့ဆော်မှုတွေ လိုနေမှာ မဟုတ်ပါဘူး ။ အင်္ဂလန်ကို ပြန်သွားရလို့ ကျွန်တော် ပျော်ရွှင်နေတဲ့ အကြောင်း ခင်ဗျားတို့ကို ကျွန်တော် ပြောနိုင်ပါတယ် ။ ”

” အင်္ဂလန်မှာ နည်းပြ တဦး အဖြစ် လုပ်ကိုင်ခဲ့ရတဲ့ နေ့ရက်တိုင်းကို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ် ။ ဒီတော့ အဲဒီကို ပြန်သွားဖို့ ၊ အဲဒီက ပတ်ဝန်းကျင်နဲ့ ပြန်ထိတွေ့ရဖို့ ကျွန်တော် ဝမ်းမြောက်နေပါတယ် ။ ဒါပေမယ့် ခရာမှုတ်တာနဲ့ အပျော်အပါး ဘာညာ ရှိတော့မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ နောက်ဆုံး ခရာမှုတ်တဲ့ အချိန်အထိ ပြိုင်ဆိုင်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂျာမန် သတင်းထောက်တွေက တူချယ်ကို ချဲလ်ဆီးမှာ သူမရောက်လာခင်က နည်းပြ ဖြစ်ခဲ့ဖူးတဲ့ ဖရန့် လမ်းပတ် တယောက် အသင်းဟောင်းထံ တကျော့ပြန် ရောက်လာတာနဲ့ ပတ်သက်ပြီး ချဲလ်ဆီး ပိုင်ရှင်သစ်တွေရဲ့ ဆုံးဖြတ်ချက် အကြောင်း မေးမြန်းခဲ့ရတာ ၄င်းက ဒါကို တုန့်ပြန် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ် ။

တူချယ် က ” ချဲလ်ဆီး အကြောင်း ကျွန်တော့ကို ထပ်မမေးပါနဲ့တော့ ။ ကျွန်တော်ဟာ မတူညီတဲ့ ဂျာစီ တထည်ကို ဝတ်ဆင်နေပြီး ၊ ဒီအတွက် ကျွန်တော် ဘာမှတ်ချက်မှ ပေးသွားမှာ မဟုတ်ပါဘူး ။ စိတ်မကောင်းပါဘူးဗျာ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR