နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ဥရောပ ထိပ်တန်းလိဂ်ပွဲစဉ်တွေ မှာ ၂-၂ ရလဒ်တွေ များခဲ့ပါတယ် ။ ပရီးမီးယားလိဂ်မှာ ဘရိုက်တန် နဲ့ လီဗာပူး ၊ ဝက်စ်ဟမ်း နဲ့ နယူးကာဆယ် ပွဲစဉ်တွေဟာ ၂-၂ ရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ ကြပါတယ် ။ ဝုဗ် နဲ့ အက်စတွန် ဗီလာ တို့ကတော့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ ချန်ပီယံ မန်စီးတီး ကို မာတင်နယ်လီ ရဲ့ တလုံးတည်းသောဂိုးနဲ့ အဖိုးတန် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ ပါတယ် ။

 

စပိန် လာလီဂါမှာလည်း ဘာစီလိုနာ အသင်းဟာ ဂရန်နာဒါ အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့ပါတယ် ။ ဒီပွဲမှာ ဘာဆာ အတွက် ဂိုးသွင်းယူ နိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်လေး ယာမဲ ဟာ လာလီဂါ သမိုင်းတလျောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင် အဖြစ် မှတ်တမ်း စိုက်ထူသွား နိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲမှာ ဘာစီလိုနာ နောက်ခံလူ ဂျူးလ် ကွန်ဒေး ဟာ ဒဏ်ရာ ရရှိပြီး လူစားလဲခဲ့ရပါတယ် ။

 

ဂျာမန်ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် အသင်းက ဖရိုင်းဘတ် အသင်းကို ၃-၀ နဲ့ အနိုင် ရခဲ့ပြီး ကိုးမန်း နဲ့ ဆာနေး တို့က သွင်းယူပေးခဲ့ကြပါတယ် ။ ပြင်သစ်လီဂူး မှာလည်း PSG က ရင်းနစ် အသင်းကို ၃-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

 

အီတလီ စီးရီးအေမှာတော့ လက်ရှိ ချန်ပီယံ နာပိုလီ တို့ အိမ်ကွင်းမှာ ဖီအိုရင်တီးနား အသင်းကို ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဖိအားတွေ ဝင်နေတဲ့ မော်ရင်ညို ရဲ့ ရိုးမားကတော့ ကာဂလီယာလီ အသင်းကို ၄-၁ နဲ့ အဝေးကွင်းမှာ အနိုင် ကစားခဲ့ပါတယ် ။ ဒီပွဲမှာ နွေရာသီကမှ ရောက်လာပြီး ဂိုးတွေ သွင်းပေးနေတဲ့ တိုက်စစ်မှူးသစ် လူကာကူ ဟာ ရိုးမား အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြန်ပါတယ် ။

 

ရီးရဲမက်ဒရစ် တောင်ပံကစားသမားလေး ဗီနီရှပ် ဂျူနီယာ ကတော့ သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို ပြီးစီးခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုကာ ရီးရဲမှာ ကစားသမားဘ၀ တလျောက်လုံး နေသွားချင်ပါတယ်လို့လည်း ပြောဆိုခဲ့ ပါတယ် ။

 

ဘိုင်ယန်မြုးနစ် အနေနဲ့ ဝါရင့် ကစားသမားကြီး သောမတ်စ် မူလာ ကို စာချုပ်သက်တမ်းတိုးဖို့ ဘာပြဿနာမှ မရှိကြောင်း CEO ဒရီဆန် က ပြောဆိုသွားခဲ့ ပါတယ် ။ မူလာ နဲ့ ဘိုင်ယန် တို့ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ် ။

 

နယ်သာလန် ကလပ် အိုင်ယက်စ် ကတော့ နည်းပြ Maurice Steijn ရဲ့ အနာဂါတ် ကို စဉ်းစားနေကြပြီ ဖြစ်ပါတယ် ။ Steijn ဟာ နောက်ဆုံး ၇ ပွဲမှာ ၃ ပွဲသရေ ၊ ၄ ပွဲ ရှုံးပြီး နိုင်ပွဲလုံး၀ မရရှိခဲ့ပါဘူး ။

 

ဆီဗီးလား အသင်းကတော့ နည်းပြ ဟိုဆေး လူးဝစ် မန်ဒီလီဘာ ကို ထုတ်ပယ်ကြောင်း အသိပေး ကြေညာသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR