ရီးရဲလ်မက်ဒရစ် – ချဲလ်ဆီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အကြောင်း သုံးသပ်ရင်း ၊ ခြင်္သေ့ပြာတို့ရဲ့ ဇန်နဝါရီ ခေါ်ယူမှု တခုကို ချီးကျူးသွားတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီးဟာ လာမယ့် ဧပြီလထဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ကျော့ အဖြစ် လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒါဟာ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ၃နှစ်ဆက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။

၂၀၂၁ မှာ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ၃ – ၁ ရလဒ်နဲ့ နိုင်ခဲ့ပြီး ၊ ၂၀၂၂ မှာတော့ ရီးရဲလ်မက်ဒရစ်က ၂ကျော့ပေါင်း ရလဒ် ၅ – ၄ နဲ့ ပြန်နိုင်ခဲ့ပါတယ် ။ ၂သင်းလုံးဟာ တသင်းကို တသင်း ကျော်ဖြတ် အနိုင်ယူရင်း ချန်ပီယံ ဖြစ်ထားကြပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်ခ်က ပရီးမီးယားလိဂ် လက်ရှိ အဆင့် ၁၀ မှာ ရပ်တည်နေသည့်တိုင် ၄င်းရဲ့ အသင်းဟောင်းဟာ ချန်ပီယံလိဂ် သမိုင်းကြောင်းမှာ Underdogs အနေနဲ့ အင်အားကြီး ပြိုင်ဖက်တွေကို ဖြုတ်ချဖူးတာကြောင့် ဒီတကြိမ်မှာလည်း လက်ရှိ ချန်ပီယံတွေကို အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်း ရှိသေးကြောင်း သုံးသပ်သွားပါတယ် ။

The Hindustan times နဲ့ တွေ့ဆုံခဲ့ရာမှာ ဟက်ဆယ်ဘိန့်ခ် က ” ခင်ဗျားသာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးချင်ရင် ၊ အကောင်းဆုံး အသင်းတွေကို အနိုင်ယူ ကျော်ဖြတ်ပြနိုင်ရပါမယ် ။ ဒါက လွယ်ကူတဲ့ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခင်ဗျား အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ရပါမယ် ။ ”

” ကျွန်တော်တို့ဟာ အတိတ်မှာတုန်းက ဒါမျိုးတွေ လုပ်ပြဖူးပါတယ် ။ ဒီတော့ ကျွန်တော်တို့ ထပ်မလုပ်ပြနိုင်စရာ ဘာအကြောင်းအရင်းမှ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဟက်ဆယ်ဘိန့်ခ်က ပြီးခဲ့တဲ့ ဇန်နဝါရီ Deadline Day မှာ ဘင်ဖီကာကနေ ချဲလ်ဆီးသို့ ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းလာတဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကိုလည်း ချီးကျူးသွားပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” အန်ဇို ဖာနန်ဒက်ဇ်ဟာ အရမ်း စိတ်လှုပ်ရှားစရာကောင်းပါတယ် ။ သူဟာ အသက်ငယ်ရွယ်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ၊ ကြမ်းကြမ်းတမ်းတမ်း ကစားနိုင်ပြီး နည်းစနစ်ပိုင်း အရမ်းတော်ပါတယ် ။ ”

” ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တဦး အနေနဲ့ ကျွန်တော် သူနဲ့ ပတ်သက်ပြီး သဘောကျမိတဲ့ အရာက သူဟာ အမြဲတမ်း ရှေ့ကိုပဲ ကြည့်ပြီး ကစားတတ်တာကိုပါ ။ သူဟာ ချဲလ်ဆီး အတွက် Big Game Player ၊ ကြီးကျယ်တဲ့ ကြယ်ပွင့် တဦး ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ဟက်ဆယ်ဘိန့်ခ် က တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေ ဆိုးရွားတဲ့ အခိုက်အတန့်များစွာ ကြုံထားရသည့်တိုင် လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ အပေါ် ဆက်လက် ထောက်ခံနေကြောင်းနဲ့ ပတ်သက်ပြီး ” အရင် ပိုင်ရှင် လက်ထက်တုန်းက အသင်း ဘယ်လို လည်ပတ်ခဲ့လဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ် ။ ”

” အရင်ပိုင်ရှင်တုန်းက မန်နေဂျာ အပြောင်းအလဲ ကိစ္စက ခဏခဏ ဖြစ်ခဲ့ပါတယ် ။ ဒီပိုင်ရှင်သစ်တွေကတော့ စီမံကိန်း တခု အလိုရှိကြပါတယ် ။ သူတို့ဟာ ငယ်ရွယ်တဲ့ ကစားသမားတွေကို အလိုရှိကြပါတယ် ။ သူတို့ဟာ ကိုယ့်စီမံကိန်း အပေါ် ယုံကြည်မှုရှိတဲ့ နည်းပြမျိုး လိုချင်ကြပါတယ် ။ ”

” ဂရေဟမ် ပေါ်တာ ချဲလ်ဆီးကို ရောက်လာပြီးတဲ့နောက် အခက်အခဲများစွာ ရင်ဆိုင် ဖြေရှင်းထားရပါတယ ။ ရလဒ်တွေက တက်လိုက်ကျလိုက် ဖြစ်ထားပါတယ် ။ ဒါပေမယ့် စီမံကိန်းက ဆက်ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အမေရိကန် ပိုင်ရှင်သစ်တွေဟာ တည်ငြိမ်မှုကို မြင်လိုကြပါတယ် ။ တနည်းအားဖြင့် ဘောလုံး အတွက်ပါ ပြန်လည်သစ်လွင်စေတဲ့ ပုံစံမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR