မနေ့ည နှောင်းပိုင်းက ကစားသွားတဲ့ ယခုတပတ် ပရီးမီးယားလိဂ် Big Match တော့တင်ဟမ် – လီဗာပူး ပွဲမှာ အိမ်ရှင် တော့တင်ဟမ်က နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ ရခဲ့တဲ့ လီဗာပူး ခံစစ်မှူး မာတစ်ရဲ့ Own Goal နဲ့ အတူ ၂ – ၁ ရလဒ်နဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ် ။
ဒီပွဲမှာ ဧည့်သည် လီဗာပူးဖက်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် အကြီးအကျယ် နစ်နာခဲ့ရပါတယ် ။ ပွဲချိန် ၂၆မိနစ်မှာ လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးစ်ရဲ့ လျှောထိုးဖြတ်ထုတ်ပုံမှာ ခြေထောက်မြောက်သွားပြီး တော့တင်ဟမ် ကွင်းလယ်လူ အိဗ်ဘစ်ဆူးမားကို အန္တရာယ် ရှိစေခဲ့တာကြောင့် တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရပါတယ် ။
ထိုနောက် မိနစ်ပိုင်း အကြာမှာ လီဗာပူးဖက်က တန်ပြန်တိုက်စစ်ကတဆင့် တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ထံမှ သွင်းဂိုး ရခဲ့ပြီး လူမကျွံခဲ့ပေမယ့် VAR မှ လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ပါတယ် ။ သိပ်မကြာခင်မှာပဲ တော့တင်ဟမ်က ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်လိုက်ပါတယ် ။
ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ကိုဒီ ဂတ်ပိုက လီဗာပူး အတွက် ချေပဂိုး သွင်းခဲ့ပေမယ့် ၊ ပွဲချိန် ၆၉မိနစ်မှာ လီဗာပူး တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ ၊ ဧည့်သည်တို့ ပွဲပြီးခါနီး ၂၅မိနစ်ကို ၂ယောက်လျော့နဲ့ ကစားခဲ့ရပါတယ် ။
ပွဲပြီးတဲ့ အထိ တောင့်ခံနိုင်ခဲ့ပြီလို့ ထင်ရပေမယ့် ၊ ကံဆိုးစွာနဲ့ ကြိုးကြာနီတို့ OG ခွင့်ပြုခဲ့ရကာ ၊ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တော့တင်ဟမ် နည်းပြ အန့်ဂ်ျ ပေါ်စတီကော်ဂလူက လီဗာပူးရဲ့ အနီ၂ကတ်နဲ့ ပတ်သက်ကာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။
ပေါ်စတီကော်ဂလူ က ” ပြိုင်ဖက် အသင်း အပေါ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ကျွန်တော့ အနေနဲ့ မှတ်ချက်ပေးဖို့ ခက်ပါတယ် ။ ဒါပေမယ့် ပထမ အနီမှာ ဘစ်ဆူးမားဟာ ခြေကျင်းဝတ်မှာ ဖြတ်ထုတ်မှု အရှိန်ကောင်း တရပ်နဲ့ အချခံခဲ့ရပါတယ် ။ ဒီတော့ မြင်ကွင်းက မကောင်းခဲ့ပါဘူး ။ ”
” ဒုတိယအနီကတော့ ကျွန်တော်တို့ ဖိအားပေးရာကနေ စခဲ့တယ်လို့ ထင်ပါတယ် ။ ကျွန်တော်တို့ဟာ ဒုတိယပိုင်း အတွင်း တရစပ် မရပ်မနား တိုက်စစ်ဆင် ဖိအားပေးခဲ့ပြီး ၊ ပြိုင်ဖက်ကို အသက်ရှူခွင့်တောင် မပေးခဲ့ပါဘူး ။ ကျွန်တော်တို့ ကစားသမား တယောက် အသာရနေခဲ့တာ မှန်ပါတယ် ။ ”
” ဒုတိယပိုင်းမှာလည်း သူတို့ဆီက ပြစ်ဒဏ်ကျူးလွန်မှု တချို့ ရှိခဲ့ပါတယ် ။ ဒီတော့ ဒါက စုပေါင်းပြီး ဖြစ်လာကြတဲ့ အရာပါ ။ ဒါပေမယ့် ဒါတွေက ပြိုင်ဖက်ကို မျက်နှာသာမပေးခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ် ။ ကိုယ့်အသင်းနဲ့ မဆိုင်တဲ့ ဆုံးဖြတ်ချက်တွေဆို ကျွန်တော် ဒီရာသီ အတွင်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး ။ ”
” တချို့သော အခိုက်အတန့်တွေမှာ ဆုံးဖြတ်ချက်တွေက ၅၀ – ၅၀ အနေအထားမျိုး ဖြစ်သွားနိုင်တာတွေ ရှိခဲ့ပါတယ် ။ ဒီတော့ တခြားသူတွေကို ဒီဆုံးဖြတ်ချက်တွေက မှန်မမှန် ဝေဖန်သုံးသပ်လို့ရအောင် ကျွန်တော် ချန်ပေးသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR