လာမယ့် ရာသီ နည်းပြသစ် ရာထူးမှာ ချဲလ်ဆီးတို့ ခေါ်ယူခန့်အပ်သင့်တဲ့ မန်နေဂျာရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ခန့်ထားတာ ၇လသာ ကြာသေးတဲ့ ဂရေဟမ် ပေါ်တာကို မန်နေဂျာ ရာထူးကနေ တရားဝင် ဖယ်ရှားခဲ့ပြီး ၊ ၄င်းရဲ့ နေရာမှာ caretaker ယာယီ မန်နေဂျာ အဖြစ် ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်က ၂လတာ ထိန်းသိမ်းဖို့ ဝင်ရောက်လာပါတယ် ။

ဒီကြားထဲမှာ ချဲလ်ဆီး ဘုတ်အဖွဲ့ဟာ လက်ရှိ ကစားသမားတွေ ၊ အနာဂတ် ပရောဂျက်နဲ့ ပေါ်လစီတွေ အပေါ် မူတည်ကာ လာမယ့် ဘောလုံးရာသီ အတွက် အမြဲတမ်း မန်နေဂျာ တဦးကို ခေါ်ယူခန့်အပ်ဖို့ စိတ်ရှည်ရှည် ၊ သေသေချာချာ စိစစ်ကာ အင်တာဗျူးဖို့ ကြိုးစားနေပါတယ် ။

လောလောဆယ်မှာတော့ ချဲလ်ဆီး မန်နေဂျာသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးတွေထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ ဂျူလီယန် နာဂယ်စ်မန်း ၊ စပိန် လက်ရွေးစင် အသင်းက နုတ်ထွက်ထားလို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ လူးဝစ် အင်းနရစ်တို့က ထိပ်ဆုံးကနေ ပြေးနေပါတယ် ။

အခြား ချဲလ်ဆီး မန်နေဂျာဟောင်းတွေ ဖြစ်ကြတဲ့ ဟိုဆေး မော်ရင်ဟို ၊ ကာလို အန်ဆယ်လော့တီ ၊ အန်တိုနီယို ကွန်တီတို့ဟာလည်း ချဲလ်ဆီး ဘုတ်အဖွဲ့မှ အင်တာဗျူးဖို့ လျာထားစာရင်းမှာ ပါဝင်နေတယ်လို့ သတင်းထွက်ထားပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ်က လာမယ့် ဘောလုံးရာသီ အတွက် ၄င်းရဲ့ အသင်းဟောင်း အတွက် အသင့်လျော်ဆုံး မန်နေဂျာဟာ ဒီရာသီ အကုန် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ အလားအလာများနေတဲ့ အန်ဆယ်လော့တီသာ ဖြစ်ကြောင်း သုံးသပ်ရင်း ၊ မော်ရင်ဟို တတိယအကြိမ်မြောက် ချဲလ်ဆီးသို့ ပြန်လာဖို့ ဘာကြောင့် အခွင့်အလမ်း နည်းနေလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျိုကိုးလ် က ” လက်ရှိ အချိန်အထိ ဘောလုံးလောက အတွင်း တက်တက်ကြွကြွ ရှိနေသေးတဲ့ မန်နေဂျာ တယောက် ရှိပါတယ် ။ အဲဒီလူက ကာလို အန်ဆယ်လော့တီပါပဲ ။ ကျွန်တော်သာ ဘောလုံး ကလပ် အသင်း ပိုင်ရှင် တဦး ဖြစ်ခဲ့ရင် ခင်ဗျား အတွက် အသင်းကို တည်ငြိမ်စေနိုင်တဲ့ ၊ ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် လုပ်ပေးနိုင်တဲ့ မန်နေဂျာ ခေါ်ယူမှု တခု ရှိနေမယ်ဆိုရင် ကာလိုရဲ့ နာမည်က ထိပ်ဆုံးက ပါပါလိမ့်မယ် ။ ”

” တကွေ့ကွေ့မှာ ဟိုဆေး ချဲလ်ဆီးကို ပြန်လာဖို့ အရမ်း ခက်ခဲတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ တော့တင်ဟမ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဆီ သွားရောက် ကိုင်တွယ်ခဲ့လို့ပါ ။ ဒီအချက်ကြောင့် ပရိသတ်တွေနဲ့ သံယောဇဉ်က အရင်လောက် ခိုင်မာမှု ရှိတော့မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ အဆင့် ၁၁ နေရာကို ရောက်နေတဲ့ ချဲလ်ဆီးဟာ ဘောလုံးရာသီကုန်ဆုံးဖို့ ၈ပွဲသာ လိုတော့တဲ့အချိန် ၊ Top 4 ဝင်ဖို့ မဖြစ်နိုင်သလောက် ရှိနေတာမို့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေ ကစားဖို့ စိတ်ဓာတ် တက်ကြွမှု မရှိနေတော့ပါဘူး ။ သို့ပေမယ့် ဥရောပ ပြိုင်ပွဲ ကစားခွင့် မရတာက ချဲလ်ဆီးကို လာမယ့်ရာသီ ပြည်တွင်းလိဂ်ပွဲတွေကို ပိုမို အာရုံစိုက်မိစေမှာ သေချာပါတယ် ။

ဂျိုကိုးလ်ကတော့ ၂၀၁၆ – ၁၇ ရာသီကလို ပြုမူဖို့ အသင်းဟောင်းထံ တိုက်တွန်းတဲ့ အနေနဲ့ ” နောက်ဆုံးအကြိမ် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့အချိန်ဟာ အဆင့် ၁၀ မှာ ရပ်တည်အပြီး နောက်တရာသီမှာ ဖြစ်ပါတယ် ။ အသင်းက ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ ကျော်ဖြတ်ခဲ့ပြီးမှ အားလုံး အတူတကွ ပြန်လည်စုစည်းလာကြတယ် ဆိုတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ် ။ ”

” ချဲလ်ဆီးမှာ ကမောက်ကမဆန်တဲ့ အရာတွေက ခဏခဏ ဖြစ်နေကျပါ ။ ခင်ဗျားသာ ၂ပွဲ ၊ ၃ပွဲဆက် ရလဒ်တွေ ဆိုးလာပြီဆိုရင် အခြား မန်နေဂျာ တဦးဦးက တထောင့်တနေရာကနေ နည်းစနစ် အသစ်နဲ့ ချဲလ်ဆီးကို ကိုင်တွယ်ဖို့ ချောင်းမြောင်းနေပါလိမ့်မယ် ။ ဒီတော့ ခင်ဗျားဟာ ကစားသမား တယောက် အနေနဲ့ ဘယ်သောအခါမှ သက်တောင့်သက်သာ ရှိမှာ မဟုတ်ပါဘူး ။ ”

SPORTS MYANMAR