အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

 

၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီ စတင်လာတာ ပွဲစဉ် ၅ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ ၊ အမှတ်ပေးဇယားကို လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းက ရာနှုန်းပြည့် နိုင်ထားပြီး ၊ ဦးဆောင်လျက်ရှိပါတယ် ။ ထို့နောက် တော့တင်ဟမ် ၊ အာဆင်နယ် ၊ လီဗာပူးတို့က စီးတီး အနောက် အစဉ်လိုက် ရပ်တည်နေကြပါတယ် ။

ဒီရာသီမှာ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အခြေအနေ မဟန်နေကြပဲ ၊ ရမှတ် ၆မှတ်နဲ့ ၅မှတ်သာ ရရှိထားပြီး ၊ အဆင့် ၁၄နဲ့ ၁၅ နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ် ။

BOURNEMOUTH, ENGLAND – SEPTEMBER 17: Cole Palmer of Chelsea is substituted on for teammate Mykhaylo Mudryk during the Premier League match between AFC Bournemouth and Chelsea FC at Vitality Stadium on September 17, 2023 in Bournemouth, England. (Photo by Justin Setterfield/Getty Images)

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ အဆင့် ၃ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရထားရာကနေ ၊ ဒဏ်ရာ ပြဿနာများစွာနဲ့ အတူ အခုလို ခြေစွမ်း သိသိသာသာ ကျဆင်းလာတာ ဖြစ်သလို ၊ ၂ရာသီဆက် စံချိန်တင် ပြောင်းရွှေ့ကြေးတွေ သုံးစွဲထားတဲ့ ချဲလ်ဆီးဟာလည်း အမေရိကန် ပိုင်ရှင်တွေရဲ့ လက်ထက် နည်းပြသစ် ၄ဦး အထိ လဲအပြီး ခြေစွမ်းက ထူးမလာနေသေးပါဘူး ။

လောလောဆယ် ခြေစွမ်းအရဆိုရင် စီးတီးတို့ကပဲ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမြဲ စားနေမှာ ဖြစ်ပါတယ် ။ တဖက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကလည်း ယနေ့ညမှာ စတင်ကျင်းပသွားဖို့ ရှိရာ ၊ လက်ရှိ ချန်ပီယံ စီးတီးဟာ ဆားဘီးယား ကလပ် ရက်ဒ်စတား ဘဲလ်ဂရိတ်နဲ့ အုပ်စု အဖွင့်ပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်မှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ၄င်းတို့ အသင်းဟာ တရာသီလုံး နိုင်ပွဲဆက်နေမှာ မဟုတ်ပဲ ၊ အကျပိုင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဖွင့်ဟရင်း ၊ အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာလည်း ပြန်ပြီး နာလန်ထူမှာ ဖြစ်ကြောင်း မက်ဆေ့ခ်ျပေးသွားပါတယ် ။

ပက် က ” ဘောလုံးရာသီ တခု အတွင်း ကျွန်တော်တို့ဟာ အကျပိုင်းနဲ့ ရင်ဆိုင်ရတတ်ပါတယ် ။ ဒီတော့ အခု အနေအထားမျိုး တရာသီလုံး ဖြစ်နေမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလို စတင်နိုင်လိုက်တာက ကောင်းသလို ၊ အရေးကြီးတဲ့ အသင်းတွေဟာ ရမှတ် အတော်လေး စုဆောင်းထားနိုင်ကြပါပြီ ။ ”

” ဒါပေမယ့် မနေ့က ဂွတ်ဒီဆင်ပ့ါခ်က ပွဲကို ကျွန်တော် ကြည့်ရှုခဲ့ပြီး ၊ အဲဒီမှာ အာဆင်နယ် ဘယ်လောက်ထိ အင်အား တောင့်တင်းမှု ရှိနေတယ် ဆိုတာ ခင်ဗျားတို့လည်း သိရမှာပါ ။ သူတို့ဟာ သူမတူအောင် ခြေစွမ်း ထက်မြက်နေတာပါ ။ ”

” လီဗာပူးဟာလည်း ဒီနှစ်မှာ သူတို့ရဲ့ စိတ်ဓာတ်ခံယူချက် ဘယ်လောက်ထိ ပြင်းပြတယ် ဆိုတာ ထပ်မံ သက်သေပြနေပါပြန်ပါပြီ ။ ဟုတ်ပါတယ် ။ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ဟာ ခင်ဗျားတို့ မျှော်မှန်းထားကြသလို ရာသီသစ်ကို မစတင်ထားနိုင်သေးပါဘူး ။

” ဒါပေမယ့် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ အနှေးနဲ့ အမြန် ရစ်သမ် ပြန်မိလာကြတော့မှာပါ ။ ဖလား ၃လုံး ချန်ပီယံ ဖြစ်အပြီး အခုလို အဖွင့် ၅ပွဲလုံး အနိုင်ရလိုက်တာက ကျွန်တော်တို့ အတွက် အရမ်း အရမ်း အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR