နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ် ။ ဘာနာဒို ရဲ့ စာချုပ်သစ်ထဲမှာ အခု ရာသီအကုန်မှာ ပေါင် သန်း ၅၀ နဲ့ စာချုပ် ဖျက်သိမ်း နိုင်တယ်ဆိုတဲ့ အချက်ပါရှိပါတယ် ။ ဘာနာဒို ဟာ မန်စီးတီး အသင်းရဲ့ အခုနှစ် ဘောလုံးရာသီ အတွက် အသင်းခေါင်းဆောင် တယောက်အဖြစ်လည်း ရွေးချယ် ခံခဲ့ရပါတယ် ။ စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်ကာ ၊ ကယ်ဗင် ဒီဘရိုင်းနား ၊ ရိုဒရီ နဲ့ ရူဘင်ဒီယာ့စ် တို့ဟာလည်း ကပ္ပတိန် ၅ ယောက် စာရင်းထဲမှာ ပါဝင်ခဲ့ကြပါတယ် ။

 

ဝုဗ် အသင်းကတော့ ချန်ပီယံရှစ် ကလပ် အစ်ပ်ဆွစ်ချ်တောင်း အသင်း ရဲ့ ၁၉ နှစ် အရွယ် ကစားသမားလေး တဝမ်ဒါ ချီရီဝါ ကို ခေါ်ယူခဲ့ပြီး ၄ နှစ် စာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ် ။

 

ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ကတော့ နောက်ထပ် ထိုးနှက်ချက် တခု ရောက်ရှိ လာခဲ့ပြန်ပါတယ် ။ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ဟာ ဘရိုက်တန် နဲ့ ကစားတဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ၂ လ နီးပါး အနားယူရမယ်လို့ အသင်းဘက်က ထုတ်ပြန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

အေစီမီလန် အသင်းဟာ အင်တာမီလန် ကို ၅-၁ နဲ့ ရှုံးနိမ့်တဲ့ မီလန်ဒါဘီပွဲ အပြီး နောက်တနေ့ မနက်မှာ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ဇလာတန် အီဘရာဟီမိုဗစ် ကို လေ့ကျင့်ရေးကွင်းဆီ ဖိတ်ခေါ်ပြီး အသင်းသားတွေ ကို မိန့်ခွန်းစကား ပြောဆိုစေခဲ့တယ်လို့ သိရပါတယ် ။

 

ဘောလုံးကစားတာကနေ အနားယူထားတဲ့ အာဆင်နယ် နဲ့ ဂျာမနီ ဂန္ထဝင် ကွင်းလယ် ကစားသမားကြီး မီဆွတ် အိုဇေးလ် ဟာ တူရကီ လက်ရွေးစင် အသင်းရဲ့ အထွေထွေ မန်နေဂျာ အဖြစ် တာဝန်ယူ လုပ်ကိုင်ဖို့ ဆွေးနွေး နေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။ ဂျာမနီ ကို ကမ္ဘာ့ဖလား ယူပေးခဲ့တဲ့ နည်းပြကြီး ဂျိုအာချင်လို ဟာ တူရကီ နည်းပြသစ် ဖြစ်လာမယ်လို့ သတင်းကြီးနေပါတယ် ။

 

နယူးကာဆယ် အသင်းကတော့ ချန်ပီယံလိဂ် ကစားဖို့ မီလန် မြို့ ကို ထွက်ခွာရာမှာ သတ်မှတ်ချိန်ထက် များစွာ နောက်ကျခဲ့ပေမယ့် အရေးယူခံရမှာ မဟုတ်ဘူးလို့ သိရပါတယ် ။ နယူးကာဆယ် ကစားသမားနဲ့ နည်းပြတွေ ပါဝင်တဲ့ လေယာဉ်ဟာ မီလန်ကို ၂ နာရီကျော် နောက်ကျမှ ရောက်ရှိလာခဲ့တာကြောင့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို မူလသတ်မှတ်ချိန်ထက် ၂ နာရီ နောက်ဆုတ်ပြီးမှ ပြုလုပ် နိုင်ခဲ့တယ်လို့ သိရပါတယ် ။

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ နောက်ဆုံးပွဲကျန် မှာတော့ နော်တင်ဟမ် ဖောရက်စ် နဲ့ ဘန်လေ တို့ ၁ ဂိုးစီ သရေကျခဲ့ပါတယ် ။ ဖောရက်စ် အတွက် ချဲလ်ဆီးကနေ ပြောင်းရွှေ့ လာတဲ့ ဟတ်ဆန် အိုဒွိုင်း က အသင်းသစ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR