ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ နိုင်ပွဲမရသေးတဲ့ ဘုန်းမောက် အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ၊ ၅ပွဲ အပြီး ရမှတ် ၅မှတ်သာ စုဆောင်းထားနိုင်သေးကာ ၊ ထိပ်သီး ကလပ်တွေ အနက် အခြေအနေ အဆိုးဆုံး ဖြစ်နေပါတယ် ။
နိုင်ငံတကာ ပွဲကာလ မတိုင်မီ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲအပြီးတုန်းကလို မနေ့က ပွဲအပြီးမှာလည်း ချဲလ်ဆီး ပရိသတ်တွေဟာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် အတွက် နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ကစားသမားတွေ အပေါ် ပြစ်တင်ရှုံ့ချမှုတွေ လုပ်ခဲ့ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က ပရိသတ်တွေရဲ့ Boo အသံတွေနဲ့ ပတ်သက်ပြီး ” ဒီလို ငွေပမာဏမျိုးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့အခါ မီဒီယာတွေမှာ လူတွေက လုပ်ကြံဖန်တီးတတ်ကြတယ် ဆိုတာ ပရိသတ်တွေ သိပါတယ် ။ အိုအေပါ ။ ဒါက မှန်ပါတယ် ။ ဒါပေမယ့် ဒါက မျှော်မှန်းချက်ပါ ။ အနိုင်မရရင် ပရိသတ်တွေ မပျော်ရွှင်ကြတာက ပုံမှန်ပါပဲ ။ ”
” ဒါပေမယ့် ပရိသတ်တွေကို ကျွန်တော် ပြောနိုင်တာက ဒီအခြေအနေက ကျွန်တော်တို့ ပြောင်းလဲမရနိုင်ဘူး ၊ အမှန်တရားကို ပြောင်းလဲမရနိုင်ဘူး ဆိုတာပါပဲ ။ ကျွန်တော်တို့မှာ ဒဏ်ရာရထားတဲ့ ကစားသမားတွေ များလွန်းနေပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့မှာသာ လူစုံနေရင် အသင်းက အင်အား တောင့်တင်းနေပါလိမ့်မယ် ။ ”

” မန်စီးတီး ၊ အာဆင်နယ်တို့တောင် တသင်းလုံးနီးနီး ကြံ့ခိုင်မှု ပြည့်နေတဲ့ အနေအထားရှိမှ ဆုဖလားတွေကို စိန်ခေါ်နိုင်ကြတာပါ ။ ကျွန်တော်တို့ကျမှ ဘာလို့ ကွဲပြားခြားနားနေရမှာလဲ ? ဘာကြောင့်မို့လဲ ? ကျွန်တော်တို့ အသင်းမှာ ဒီရာသီ စကတည်းက လူမစုံနေတာပါ ။ ”
” ကျွန်တော်တို့ ဘာတတ်နိုင်မှာမို့လဲ ? ကျွန်တော့ အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး ။ ပရိသတ်တွေဟာ သူတို့ လုပ်ချင်တဲ့အရာ ဘာမဆို လုပ်နိုင်ပါတယ် ။ ကျွန်တော်တို့ ဘာဆက်လုပ်ဖို့ လိုတယ် ဆိုတာ သိပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းပြကြပါတယ် ။ ”
” ကျွန်တော်တို့ဟာ ကံဆိုးနေတာပါ ။ ဒီနေ့ဆို ဒဏ်ရာ ပြဿနာက ၁၂ယောက် ရှိနေပြီး ၊ ဒီထဲမှာ နွန်နီ ( မက်ဒူးကီ ) ၊ မာ့ခ် ( ကူကူရယ်လာ ) နဲ့ မွိုက်ဆက်စ် ( ကိုင်စီဒို ) တို့ပါ ထပ်ပေါင်းထည့်ရပါဦးမယ် ။ ဒီတော့ အရန်ခုံမှာ ဂိုးသမား ၂ယောက်နဲ့ ချာတိတ် ၄ယောက်ကို ခေါ်ထားရပါတယ် ။ ”
” ဟုတ်ပြီ ။ ဆိုတော့ကာ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ငိုနေရမှာလား ၊ စောဒကတက်နေရမှာလား ? ဒီစိန်ခေါ်မှုကို လက်သင့်ခံဖို့ ၊ အကောင်းဆက်မြင်ဖို့ပဲ ရှိပါတယ် ။ ဟုတ်ပါတယ် ။ ဘုန်းမောက်ဟာ အသင်းကောင်း တသင်း ဖြစ်လို့ ဒီပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပါ ။ ”
” အသင်းတိုင်းဟာ သူတင်ကိုယ်တင် ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် ဒါက ခက်ခဲလာဖို့ပဲ ရှိပါတယ် ။ မျှတသည် ဖြစ်စေ ၊ မမျှတသည် ဖြစ်စေ ကျွန်တော်တို့ ဒါကို လက်သင့်ခံဖို့ လိုပြီး ၊ အကောင်းမြင်စိတ်နဲ့ သည်းခံရပါမယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လုပ်ထုံးလမ်းစဉ်ကိုတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ ”
” ကျွန်တော်တို့မှာ ကိုယ်ပိုင် အတွေးအခေါ် ၊ အမှန်တရားတွေ ရှိပါတယ် ။ ကျွန်တော်တို့ဟာ အသင်း အပေါ် ပုံမှန် စစ်ဆေးသုံးသပ်မှုတွေ လုပ်နေပြီး ၊ လောလောဆယ်မှာ လူတွေ မျှော်မှန်းကြတာထက်တောင် ပိုကောင်းတဲ့ အရာတွေ လုပ်ပြထားပါတယ် ။ ”
” ဒါပေမယ့် ချဲလ်ဆီးလို အသင်း အတွက် ရည်မှန်းချက်က အနိုင်ရဖို့ပါပဲ ။ ဒါကို ဒီရာသီ မစတင်ခင်ကတည်းက ကျွန်တော် ခင်ဗျားတို့ကို ပြောခဲ့တာပါ ။ ကျွန်တော်တို့ဟာ တခုခု ဖန်တီးနေကြပြီး ၊ ဒီအပေါ် ယုံကြည်မှု ရှိရပါမယ် ။ လူငယ်ချာတိတ်တွေ အနေနဲ့ ချဲလ်ဆီး ကစားသမား တယောက် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကို ခံစားတတ်ဖို့ လိုပါတယ် ။ ”
” စိတ်ခံစားချက် အကြောင်း ကျွန်တော် နားလည်ပါတယ် ။ ဘောလုံးဟာ စိတ်ခံစားချက်မှုပါပဲ ။ အနိုင်မရရင်တော့ စောဒကတက်ရမှာပါပဲ ။ ဒီထက်မပိုပါဘူး ။ ပရိသတ်တွေဟာ နောက်အပတ် တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အသင်းဖက်ကနေ အပြည့်အဝ အားပေးနေကြမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR