အသင်းသစ်အတွက် ဂိုးသွင်းသူတွေ ၊ စတင်ကစားရသူတွေ ၊ အသင်းဟောင်းနဲ့ တကျော့ပြန် ကစားသူတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး က ဂိုးမရှိသရေ ကျသွားခဲ့ပြီး အာဆင်နယ် အသင်းက အဲဗာတန် ကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ အဆင့် ၁ က မန်စီးတီး ကို ဆက်လက် ဖိအားပေးထား နိုင်ခဲ့ပါတယ် ။
စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ ရီးရဲဆိုဆီဒက် အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ၁၀၀% နိုင်ပွဲ ရရှိမှု ကို ဆက်ထိန်းထားနိုင်ခဲ့ ပါတယ် ။ ဒီပွဲမှာတော့ ဗယ်ဗာဒီ နဲ့ ဂျိုဆေးလူ တို့က ရီးရဲအတွက် ဂိုးတွေ သွင်းပေးခဲ့ ကြပါတယ် ။ ရီးရဲ ကပ္ပတိန်ဟောင်းကြီး ရာမိုစ့် ကတော့ အသင်းဟောင်း ဆီဗီးလား အတွက် ပထမဆုံး အကြိမ် ပြန်လည် ပါဝင် ကစားပေးခဲ့ပြီး ဒီပွဲမှာ ဆီဗီးလား ဟာ ရာသီသစ်ရဲ့ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ကနေ ဂီတာဖေး အသင်းဆီ အငှားထွက် ကစားခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် ဟာလည်း မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ လူစားလဲ ဝင်ရောက် ကစားခဲ့ပြီး အနိုင်ဂိုး ဖြစ်လာစေမယ့် ထောင့်ကန်ဘောကို ရယူပေးသွားခဲ့ ပါတယ် ။ ဒီပွဲမှာ ပြိုင်ဘက် အိုဆာဆူနာ ပရိသတ်တွေဟာ ဂရင်းဝုဒ် သွေးပူ လေ့ကျင့်နေစဉ် အတွက် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စကားလုံးတွေကို အော်ဟစ် ပြောဆို ခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ် ။
စီးရီးအေမှာ နိုင်ပွဲပျောက်နေတဲ့ ရိုးမား အသင်းကလည်း အခုဘောလုံးရာသီ ရဲ့ ပထမဆုံး နိုင်ပွဲကို ၇-၀ ရလဒ်နဲ့ ဖွင့်လှစ် နိုင်ခဲ့ပါတယ် ။ အမ်ပိုလီ ကို အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တဲ့ ဒီပွဲမှာ တိုက်စစ်မှူးသစ် လူကာကူ နဲ့ ကွင်းလယ်လူသစ် ရီနာတို ဆန်းချက်တို့ ဂိုးတွေ သွင်းယူခဲ့ကြပါတယ် ။
ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ရဲ့ နေရာကို ရေရည် အတွက် အစားထိုးဖို့ စိတ်ကူး ရှိနေပြီး နယူးကာဆယ်မှာ ကစားနေတဲ့ ရီးရဲဆိုဆီဒက် တိုက်စစ်မှူးဟောင်း အလက်ဇန်းဒါး အီဆက် ကို စာရင်း ပြုစုထားတယ်လို့ ကြားသိရပါတယ် ။
အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမား သောမတ်စ် လီမာ ကတော့ ခြေဖနောင့် အကြော စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်ပြီး အနည်းဆုံး ၆ လ အနားယူရတော့မယ်လို့ သတင်းပေါ်ထွက် လာခဲ့ ပါတယ် ။
ချဲလ်ဆီး ကွင်းလယ်လူ ကိုင်စီဒို ကတော့ အက်ကွေဒေါ အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားချိန်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် မနေ့ညက ပွဲကို မပါဝင်ခဲ့တာ ဖြစ်တယ်လို့ နည်းပြ ပိုချက်တီနို က ပြောဆိုခဲ့ပါတယ် ။
PSG ကွင်းလယ်လူ ဒရက်ဇ်လာ ကတော့ ကာတာ ကလပ် အယ်လ် အာလီ အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ပြင်သစ်ကလပ် ဟာ ဂျာမန်သားရဲ့ အပြောင်းအရွှေ့အတွက် ယူရို ၁၅ သန်းကနေ သန်း ၂၀ အကြား ရရှိမှာ ဖြစ်ပါတယ် ။
SPORTS MYANMAR