နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကို ပထမ အသင်းကြီးနဲ့ လေ့ကျင့်ခွင့် ပိတ်ပင် လိုက်ပြီး သီးခြားလေ့ကျင့်ဖို့ ညွှန်ကြားလိုက်ပါတယ် ။ ယူနိုက်တက် ဟာ ဆန်ချို ကို ဆိုရှယ် မီဒီယာမှာ တင်ခဲ့တဲ့ ပိုစ့် နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟတ် ကို ပြန်လည် တောင်းပန်ဖို့ ပြောဆိုခဲ့ပေမယ့် ဆန်ချို က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ် ။

 

မန်စီးတီး နောက်ခံလူ ကိုင်လ် ဝေါ်ကာ ကတော့ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုသွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ အသင်းကတော့ ချန်ပီယံလိဂ်မှာ ရင်ဆိုင် ကစားရမယ့် ဘယ်လ်ဂျီယံ ကလပ် ရိုင်ရယ် အန်ဝပ် အသင်းက ၁၈ နှစ်အရွယ် ကြယ်ပွင့်လေး အာသာ ဗာမီရယ် ကို ကင်းထောက် စေလွှတ် စောင့်ကြည့် ခိုင်းထားတယ်လို့ ကြားသိရပါတယ် ။

 

PSG အသင်း နည်းပြ အန်နရီကေး ကတော့ လာမယ့် ပြင်သစ် လိဂ် ပွဲစဉ်မှာ ဘာပေ ကို ထည့်သွင်း ကစားမယ် မကစားဘူးဆိုတာကို ကစားသမား နဲ့ တွေ့ဆုံစကားပြော သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ် ။

 

ချဲလ်ဆီး အသင်း နောက်ခံလူ မာလန်ဆား ဟာ မနေ့က ထုတ်ပြန် ခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်မယ့် ကစားသမား ၂၅ ယောက်စာရင်းမှာ ပါဝင် မလာခဲ့ဘူးလို့ သိရပါတယ် ။

 

နော်တင်ဟမ် ဖောရက်စ် အသင်း ကွင်းလယ်လူ ရှယ်ဗေး ဟာ တူရကီ ကလပ် ရီဇီစပေါ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။ အခြား ဖောရက်စ် ကစားသမား တယောက် ဖြစ်တဲ့ အီမန်နျူရယ် ဒင်းနစ် ကိုလည်း တူရကီ ကလပ် အစ္စတန်ဘူ ဘာဆက်ဆီဟာ အသင်းက အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

 

အီတလီ တိုက်စစ်မှူးဟောင်း မာရီယို ဘာလိုတယ်လီ ကတော့ ဆွစ်ဇာလန်ကလပ် ဆိုင်ယွန် အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းပြီး တူရကီ ကလပ် ဒီမာစပေါ် အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် စတင် ဆွေးနွေး နေတယ်လို့ ကြားသိရပါတယ် ။ တူရကီ အပြောင်းအရွှေ့ ဈေးကွက်ဟာ ဒီကနေ့ည ၁၂ နာရီအထိ ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ် ။

 

UFC ဥက္ကဌ ဒါနာဝှိုက် က ကော်နာ မက်ဂရီဂေါ် ဟာ ကြိုးဝိုင်းထဲကို တဖန် ပြန်လည် ဝင်ရောက်လာဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် အိုင်ယာလန်သားကြီးဟာ အရင်လောက် ဆာလောင်စိတ် မရှိတော့ဘူး လို့လည်း ပြောဆိုသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR