မန်ယူနိုက်တက် အသင်းမှာ အိုလေဂန်နာ ဆိုးရှား ရဲ့ လက်ထောက် နည်းပြ အဖြစ် ပြန်လည် လာရောက် လုပ်ကိုင် ခဲ့တဲ့ မိုက်ဖီလန် က ခရစ္စတီယာနို ရိုနယ်ဒို ဟာ အနိုင်ရလိုစိတ် ပြင်းပြသူ ၊ စိတ်အား အလွန်ထက်သန်သူ တယောက် ဖြစ်ပြီး သူ့ရဲ့ တောင်းဆိုမှု များပြားတဲ့ စိတ်ဓါတ်ဟာ အိုးထရက်ဖိုဒ့် ဒုတိယအကြိမ် စွန့်စားခန်းမှာ အခက်ခဲတွေ ဖြစ်စေတဲ့ အကြောင်းအရင်း တရပ် ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ် ။
ရိုနယ်ဒို ဟာ ၂၀၂၁-၂၂ ဘောလုံး ရာသီ အစမှာ မန်ယူနိုက်တက် အသင်းဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး ၁ နှစ်ခွဲ အကြာမှာ အသင်းနဲ့ အဆင်မပြေဖြစ်ပြီး စာချုပ် ဖျက်သိမ်းကာ ဆော်ဒီလိဂ် ကို ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပါတယ် ။ ရွှေဘောလုံး ၅ ဆုရှင် ဘောလုံးသမားကြီးဟာ အသင်းကနေ မထွက်ခွာခင်မှာ အင်တာဗျူး ပြုလုပ် ခဲ့ပြီး အသင်းရဲ့ စီမံခန့်ခွဲမှုတွေ ၊ ကစားသမားတွေ ရဲ့ အနေအထားတွေ ၊ အပြန်အလှန် လေးစားမှု အားနည်း တာတွေကို ဝေဖန်ပြောဆိုခဲ့ဖူး ပါတယ် ။
“ဒုတိယ တခေါက် ပြန်ရောက်လာတဲ့ အချိန်မှာ သူ ( ရိုနယ်ဒို ) က အသက်လည်း အများကြီး ပိုကြီး သွားပြီ ၊ အရင်ကထက်လည်း အများကြီး ပိုအောင်မြင်တဲ့သူ ၊ အောင်မြင်ဖူးတဲ့သူ တယောက် ဖြစ်လာခဲ့ပါပြီ ။ ဒီတော့ သူ့ရဲ့ စံနှုန်းက အမြဲတမ်း မြင့်မားနေပါတယ် ။ အသင်းက ပကတိ အခြေအနေနဲ့ သူ ဖြစ်ချင်တဲ့ ပုံစံနဲ့က ကိုက်ညီမှု မရှိတာတွေ ဖြစ်လာတော့တာပါပဲ”
“ကျွန်တော် ကတော့ ဒါကို သဘောကျပါတယ် ။ သူဟာ အကောင်းဆုံး တယောက်ဖြစ်တယ် ၊ အကောင်းဆုံး ဖြစ်အောင် အမြဲ ကြိုးစားမယ်ဆိုတဲ့ စံနှုန်း ကို ဘယ်တော့မှ ချမပစ်တဲ့သူ တယောက်ပါ ။ တခြားသူတွေ ကိုလည်း သူ့လို ဖြစ်စေချင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီလို တွန်းအားပေးပါများလာတဲ့ အခါမှာတော့ တချို့ရဲ့ အမြင်တွေက ပြောင်းလဲ လာတော့တာပါပဲ”
“သူ က ပိုကောင်းအောင် တွန်းတယ် ၊ ထပ်တွန်းတယ် ၊ အကြိမ်ဖန်များစွာ ဖြစ်လာတဲ့ အခါမှာ သူ ပြောသလောက် ပြန်မတုန့်ပြန်လာတာတွေ ဖြစ်လာပါတယ် ။ အဲ့ဒိအခါမှာ သူ့ရဲ့ စိတ်ပျက်မှုတွေကို ခင်ဗျားတို့ မြင်ရတော့တာပါပဲ ။ ထိပ်တန်း အဆင့် ကစားသမားတွေနဲ့ ဆုံရကြုံရပြီ ဆိုရင် ဒီလို ကိစ္စမျိုးက ဖြစ်တတ်ပါတယ် ။ နောက်ဆုံးမှာတော့ သူလည်း သတိပြုမိသွားပုံပါပဲ” လို့ မိုက်ဖီလန် က ထုတ်ဖော်ပြောဆို ခဲ့ပါတယ် ။
ရိုနယ်ဒို ဟာ ယူနိုက်တက် နဲ့ ဒုတိယ အကြိမ် စွန့်စားခန်း မှာ ဆိုးရှား ၊ ရန်းနစ် ၊ တန်ဟတ် စတဲ့ နည်းပြ ၃ ယောက်အောက်မှာ ၁ ရာသီခွဲကြာအောင် ကစားခဲ့ပြီး ၅၄ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။
SPORTS MYANMAR