ခြေစစ်ပွဲတွေ ၊ ခြေစမ်းပွဲတွေနဲ့ အလုပ်များခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်ကတော့ တခန်းရပ် သွားခဲ့ပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျပန် အသင်းဟာ တူရကီ အသင်းကို ၄-၂ နဲ့ အနိုင် ရရှိခဲ့ပြန်ပါတယ် ။ ဂျပန် အသင်းဟာ နောက်ဆုံး ကစားတဲ့ ခြေစမ်းပွဲ ၄ ပွဲမှာ ၄ ပွဲစလုံး အနိုင်ရရှိ ထားခဲ့ပြီး ၁၈ ဂိုး သွင်းကာ ၄ ဂိုးသာ ပြန်လည် ခွင့်ပြု ထားခဲ့ရပါတယ် ။
ဂျပန် ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့လို့ နည်းပြ ဟန်ဆီ ဖလစ် ကို ထုတ်ပယ်လိုက်တဲ့ ဂျာမနီ အသင်းကလည်း ပြင်သစ် အသင်း နဲ့ ခြေစမ်းပွဲမှာ ၂-၁ နဲ့ အနိုင်ရရှိပြီး ရှုံးပွဲဆက်မှုကို ရပ်တန့် နိုင်ခဲ့ပါတယ် ။
စကော့တလန် မြေပေါ်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန် အသင်းဟာ အိမ်ရှင် စကော့တလန် ကို ၃-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။
တောင်အမေရိက ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ကမ္ဘာ့ ချန်ပီယံ အာဂျင်တီးနား ဟာ ဘိုလီဗီးယား အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပါတယ် ။ ဒီပွဲမှာ အာဂျင်တီးနား ဘက်ကနေ မက်ဆီ ပါဝင် မကစားဘဲ အနားပေးထားခဲ့ ပါတယ် ။
ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ မှာတော့ နော်ေ၀ ဟာ ဂျော်ဂျီယာ အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဟာလန်း နဲ့ အိုဒီဂတ် တို့က နော်ေ၀ အတွက် ဂိုးတွေ သွင်းယူ ပေးခဲ့ကြပါတယ် ။
အီတလီ က ယူကရိန်း အသင်းကို ၂-၁ နဲ့ အနိုင် ကစားခဲ့သလို စပိန် အသင်းကလည်း ဆိုက်ပရပ်စ် အသင်းကို ဂိုးဒါဇင်ဝက် သွင်းယူပြီး အနိုင် ရရှိခဲ့ပါတယ် ။
ဘယ်လ်ဂျီယံ ကတော့ အက်စတိုးနီးယား ကို ၅-၀ နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး လူကာကူ ၂ ဂိုး သွင်းကာ ယူရို ခြေစစ်ပွဲရဲ့ ဂိုးအများဆုံး သွင်းယူသူ ( ၈ ဂိုး ) အဖြစ် ရပ်တည်လာနိုင်ခဲ့ ပါတယ် ။
ပြင်သစ် နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဂွမ်ဒိုဝမ် ရဲ့ အခြေအနေ ဟာ ပြင်းထန်မှု မရှိဘူးလို့ သိရပါတယ် ။
မန်ယူနိုက်တက် တောင်ပံ ကစားသမား ဆန်ချို ကတော့ နည်းပြ တန်ဟတ် နဲ့ ပတ်သက်ပြီး ဆိုရှယ် မီဒီယာ ပေါ်မှာ ရေးသားထားမှုတွေ ကို ပြန်ဖျက် သွားခဲ့ပြီ ဖြစ်ပါတယ် ။
မန်ယူနိုက်တက် ဟာ ဂျာမနီ အခြေစိုက် နည်းပညာ ကုမ္ပဏီ Qualcomm နဲ့ ဂျာစီစပွန်ဆာ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပြီလို့ ထုတ်ဖော် အသိပေးလာခဲ့ ပါတယ် ။
SPORTS MYANMAR