လက်ရှိ အသင်း စွမ်းဆောင်ရည် အပေါ် ချဲလ်ဆီး စတား တဦး ကြာကြာသည်းခံနိုင်မယ် မထင်ကြောင်း သတိပေးလာတဲ့ ပေါလ်မာဆင်

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၄ပွဲ ကစားထားပြီးရာ ၊ တပွဲသာ အနိုင်ရသေးပြီး ၊ စောစောစီးစီး ၂ပွဲ ရှုံးထားပြီး ဖြစ်ပါတယ် ။ ဒါဟာ ရာသီကြိုကာလ အတွင်းက ခြေစွမ်း ၊ ရလဒ်တွေနဲ့ တက်တက်စင် လွဲတဲ့ အနေအထား တရပ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ် ။

နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ သုံးခဲ့တဲ့ နည်းစနစ်ကို ဖယ်ရှားခဲ့ကာ ၊ အဖွင့် လီဗာပူးနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲမှ နည်းစနစ်ကို အံမဝင်မှန်း သိလျက်နဲ့ တောက်လျှောက် သုံးနေခဲ့တာကြောင့် အခုလို ရလဒ်ပိုင်း အပေါ် အထိအခိုက်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ခေါ်ယူထားတဲ့ ကစားသမားသစ် အရေအတွက်က စျေးကွက် ပိတ်သိမ်းခါနီးမှ ပိုများလာတာကြောင့် ၄င်းတို့ အထိုင်ကျဖို့ကိုလည်း စောင့်ရဦးမှာ ဖြစ်ပါတယ် ။ လက်ရှိ ချဲလ်ဆီး အသင်း အတွင်း ပုံမှန် စွမ်းဆောင်ပြနေတဲ့ ကစားသမား အနည်းငယ်သာ ရှိပြီး ထိုအထဲမှာ အန်ဇို ဖာနန်ဒက်ဇ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ ယင်းအာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ Deadline Day မှာ ဘင်ဖီကာကနေ ချဲလ်ဆီးသို့ ပြောင်းလာကတည်းက ပုံမှန် ခြေစွမ်းပြနေသူ ဖြစ်ကာ ၊ ဆိုးရွားတဲ့ ဘောလုံးရာသီ တခု ဖြတ်သန်းခဲ့ရတဲ့အချိန်မှာတောင် ၄င်းရဲ့ ကစားပုံက ကျမသွားပါဘူး ။

သို့ပေမယ့် အန်ဇိုနဲ့ တွဲကစားနေတဲ့ ချဲလ်ဆီး အသင်းဖော် အများစုကတော့ ခြေစွမ်းကောင်း တသမတ်တည်း ထိန်းနိုင်ဖို့ ရုန်းကန်နေရကာ ၊ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ဒါဟာ ယင်းအာဂျင်တိုင်းသားရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေနိုင်ကြောင်း သတိပေးခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ မာဆင် က ” မော်ရစ်စီယို ပိုချက်တီနိုဟာ လက်ရှိ ချဲလ်ဆီး အခြေအနေကို မှန်မှန်ကန်ကန် ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ် ။ ဒါပေမယ့် ဒါက ခက်ခဲပါလိမ့်မယ် ။ သူတို့သာ Top 4 ဝင်ခဲ့ရင် ၊ ဒါက ရွှေပင်ကြီး လှမ်းကိုင်သလို ဖြစ်လာမှာပါ ။ သူတို့ဟာ ကစားပုံ ထပ်နေတဲ့ ကစားသမား အများကြီးကို ဝယ်ထားပါတယ် ။ ”

” အဲဒီထဲမှာမှ အန်ဇို ဖာနန်ဒက်ဇ်က လုံးဝ ကွဲပြားတဲ့ ခြေစွမ်းအဆင့်အတန်းရှိပါတယ် ။ ကျန်တဲ့ ကစားသမားတွေထက်ကို ခေါင်းတလုံး ပိုသာနေတာပေါ့ ။ ဒါပေမယ့် သူ လက်ရှိ အခြေအနေ အပေါ် ဘယ်လောက်ကြာကြာ သည်းခံနိုင်မှာလဲ ? ”

” အသင်းမှာ မာယာပရိယာယ်တွေ လုံလုံလောက်လောက် ရှိမနေပါဘူး ။ ခင်ဗျားမှာ အပ်ပေါက် ထည့်သလို အတွင်းကျကျ ထိုးထွင်းမြင်နိုင်တဲ့ ကစားသမားမျိုးတွေ ရှိမနေပါဘူး ။ ပြိုင်ဖက် အသင်းတွေဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ရောက်လာပြီး ၊ အနောက်မှာ ၁၀ယောက် ပိတ်ဆော့ပြီးမှ တန်ပြန်တိုက်စစ်နဲ့ တုန့်ပြန်ဖို့ပဲ လုပ်ကြတော့မှာပါ ။ ”

” ပြီးခဲ့တဲ့ အပတ် စနေနေ့ကပဲ ချဲလ်ဆီးဟာ ၀ – ၁ နဲ့ ရှုံးလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ် ။ သူတို့ဟာ အနောက်မှာ ၁၀ယောက်လောက် ပိတ်ဆော့တတ်တဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရတာ ကျွန်တော် သိထားပါတယ် ။ ”

” သူတို့ဟာ အဲလို ပြိုင်ဖက်ရဲ့ ခံစစ်ကို မဖြိုဖျက်နိုင်ပါဘူး ။ ဒါက Subbuteo ဘောလုံးပွဲ ကြည့်ရတာနဲ့ တူနေပါတယ် ။ ဘာရွေ့လျားမှုမှ မရှိပါဘူး ။ ဖာနန်ဒက်ဇ်က killer pass မျိုး မဖန်တီးပေးနိုင်ဘူးဆိုရင် ဘယ်သူမှ လုပ်ပေးမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR