မန်ယူနိုက်တက် နှင့် ချဲလ်ဆီး အစား အာဆင်နယ် ကိုသာ ပြောင်းဖို့ အသင်းဖော်ဟောင်းကို တိုက်တွန်းလိုက်တဲ့ ကာရိုးလ်

အင်္ဂလန် အသင်း ရဲ့ လက်ရွေးစင် တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ် ကတော့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် အနေနဲ့ မန်ယူနိုက်တက် နှင့် ချဲလ်ဆီး ကို ပြောင်းမယ့် အစား အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့ အကြံပြု ပြောကြား သွားခဲ့ပါတယ် ။

ကာရိုးလ် က Metro မှာ ” ဒီကလန်ရိုက်စ် တစ်ယောက် ပရီးမီးယားလိဂ် ကနေ ထွက်ခွာပြီး တခြားလိဂ် ကို ပြောင်းရွှေ့ကစားလိမ့်မယ်လို့ မထင်ပါဘူး ။ ဝက်စ်ဟမ်း က အခု အချိန်မှာ အခြေအနေမကောင်း ဖြစ်နေတာ မှန်ပါတယ် ၊ ဒါပေမယ့် သူ ဝက်စ်ဟမ်း အသင်းကို ချစ်ပါတယ် ၊ ကျနော် ဝက်စ်ဟမ်း မှာ ကစားခဲ့စဉ်တုန်းက သူက ကလေးလေးပဲ ရှိပါသေးတယ် ၊ သူက ကစားသမား တစ်ဦး အနေနဲ့ရော လူတစ်ဦး အနေနဲ့ပါ တကယ်တော်တဲ့သူပါ ။ ”

” သူ ထိပ်တန်း အသင်းတစ်သင်းကို ရောက်မယ်ဆိုတာ ကျနော်တို့ အားလုံး တွက်ထားပြီးသားပါ ၊ သူ အင်္ဂလန် ပြင်ပက အသင်းကိုတော့ မရောက်နိုင်ပါဘူး ၊ ဒါပေမယ့် သူ အင်္ဂလန် ရဲ့ Top 2 သို့ Top 3 အသင်းကို ပြောင်းရွှေ့ ကစားသင့်ပါတယ် ။ ”

” အရိုးသားဆုံး ပြောရရင် ကျနော် သူ့ကို အာဆင်နယ် အသင်းမှာ မြင်ချင်ပါတယ် ၊ ကျနော် က အာဆင်နယ် ပရိသတ်တော့ မဟုတ်ပါဘူး ၊ဒါပေမယ့် သူတို့ရဲ့လက်ရှိ ကစားပုံကို နှစ်ခြိုက် သဘောကျပါတယ် ။ နည်းပြ အာတီတာ ကစားခိုင်းတဲ့ ပုံစံ ၊ လူငယ် ကြယ်ပွင့်တွေ ထွက်ပေါ်လာမှု တွေ အပြင် သူတို့ရဲ့ ပျှမ်းမျှ အသက်အရွယ် ကလည်း အံ့မခန်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ နိုင်ငံ အသင်းဖော်တွေ ချန်ပီယံလိဂ် ကစားနေကြတာကို မြင်ရတဲ့ အခါမှာ မနာလို ဖြစ်မိကြောင်း ဝန်ခံထားပြီး အသင်း ပြောင်းဖို့ ကို နွေရာသီ မှာ စဉ်းစား ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။ ဒါကြောင့် ရိုက်စ် ရဲ့ အသင်းသစ်ဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်း ဖြစ်ဖို့ များနေပါတယ် ။

အာဆင်နယ် အသင်းဟာ အသက် အရွယ် ကြီးရင့်လာတဲ့ ပါတေး နှင့် ရှာကာတို့ နေရာ အစားထိုးဖို့ရာ ကွင်းလယ်လူ ခေါ်ယူ လိုနေပြီး ရိုက်စ် ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရိုက်စ် နဲ့ ပတ်သက်ပြီး စုံစမ်း ဆက်သွယ်မှုတွေတောင် လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

သတင်းတွေ အရတော့ ရိုက်စ် ဟာ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် အာဆင်နယ် နဲ့ ချဲလ်ဆီး မှာ အခွင့်အရေးများနေပါတယ် ၊ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ သူတို့ရဲ့ ပစ်မှတ် ဖီးလစ် ၊ မူဒရစ် တို့ နှစ်ဦးကို ချဲလ်ဆီး အသင်းထံ လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်းထက်စာရင် ရိုက်စ် ကို ကာလရှည်ကြာ စိတ်ဝင်စား နေခဲ့တဲ့ အသင်းပါ ။ အာဆင်နယ် အသင်းကတော့ ဝက်စ်ဟမ်း ဘက်က သတ်မှတ်မယ့် ဈေးဟာ လာမယ့် နွေရာသီ တုန်းကထက်စာရင် ပိုပြီး လက်တွေ့ဆန်တာကြောင့် ရိုက်စ် ကို စိတ်ဝင်စား လာခဲ့တာ ဖြစ်ပါတယ် ။

 

ဒါပေမယ့်လည်း ဒေးဗစ်မိုယက်စ် ကတော့ ရိုက်စ် ကို ဈေးလျှော့ပေးဖို့ မရှိဘူးလို့ ဆိုထားပြီး ဒီဇန်နဝါရီ မှာ ဖြစ်ပေါ် ခဲ့တဲ့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ် ရဲ့ ပြောင်းရွှေ့ကြေး ထက် ပိုများတဲ့ ပမာဏ နဲ့ ကမ်းလှမ်းဖို့ လိုတယ်လို့ ပြောကြား ထားပါတယ် ။

SM