ဘရာဇီး နိုင်ငံမှာ ရည်းစားဟောင်း က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ စွဲချက်တင် ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ ဟာ ကြမ်းတမ်းတဲ့ အမူအကျင့် ရှိသူ တယောက် ဖြစ်ပြီး သူတို့ကိုလည်း လက်ပါ ခဲ့ဖူးကြောင်း အမျိုးသမီး ၂ ယောက်က ထပ်မံ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။
မနေ့ညက ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲတွေ မှာတော့ ပြင်သစ် အသင်းက အိုင်ယာလန် အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့ပြီး ချူအာမန်နီ နဲ့ မားကပ်စ် သူရမ် တို့က ဂိုးတွေ သွင်းယူပေးခဲ့ ကြပါတယ် ။ နယ်သာလန် အသင်း ကလည်း ဂရိစ် ကို ၃-၀ နဲ့ နိုင်ခဲ့ပြီး ကိုဒီ ဂတ်ပို ၊ ဗက်ဟော့စ် နဲ့ ဒီရွန် တို့က ဂိုးသွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။
အာဆင်နယ် ဂန္ထဝင်ကြီး သီယာရီ အွန်နရီ ရဲ့ ပြင်သစ် ယူ-၂၁ အသင်းကတော့ ဒိန်းမတ် ယူ-၂၁ အသင်းကို ၄-၁ နဲ့ အနိုင် ကစားပြီး နည်းပြသစ် အွန်နရီ ကို အဖွင့်လှ စေခဲ့ပါတယ် ။
စပိန် နဲ့ မန်စီးတီး ဂန္ထဝင် ကွင်းလယ် ကစားသမားဟောင်းကြီး ဒေးဗစ် ဆေးလ်ဗား ကတော့ သူ့ကို ဘောလုံးသမား ဘ၀ ကနေ အနားယူစေခဲ့ရတဲ့ အရွတ် ဒဏ်ရာကို ခွဲစိတ်ကုသလိုက်ပြီ ဖြစ်ပါတယ် ။ ဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက လေ့ကျင့်ခန်း အစီအစဉ်မှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ၉ လ လောက် အနားယူရနိုင်တာကို သိရှိအပြီးမှာတော့ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။
ရီးရဲ မက်ဒရစ် ဟာ နည်းပြသစ် ရှာဖွေ နေတဲ့ ဗီလာ ရီးရဲ အသင်းကို သူတို့ အကယ်ဒမီ နည်းပြ ရာအူးလ် ဂွန်ဇာလက် နဲ့ ဆက်သွယ်ဖို့ ခွင့်ပြု ပေးထားတယ်လို့ သိရပါတယ် ။
ဘာစီလိုနာ အသင်းဟာ စက်တင်ဘာ ၂၉ ရက်နေ့ မှာ ကစားရမယ့် ဆီဗီးလား နဲ့ ပွဲစဉ် ကို ရက်ရွှေ့ ပေးဖို့ လာလီဂါ အဖွဲ့ချုပ်ထံ တောင်းဆိုထားတယ်လို့ သိရပါတယ် ။
ဆော်ဒီ ပရိုလိဂ် ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတော့ မနေ့ညက ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။ မိုဆာလာ ၊ ဂျေဒန် ဆန်ချို တို့ရဲ့ အပြောင်းအရွှေ့တွေ တကယ် ဖြစ်မလာခဲ့ဘဲ ကောလဟာလအဖြစ်နဲ့သာ အဆုံးသတ် ခဲ့ကြပါတယ် ။
SPORTS MYANMAR