လက်ရှိ အာဆင်နယ်အသင်းမှာ လီဗာပူးစတား ၂ ဦးသာ နေရာရနိုင်မယ်လို့ ဆိုလိုက်တဲ့ ရေးပါလာ

ရေးပါလာဟာ သူ့စိတ်ကြိုက် လီဗာပူး-အာဆင်နယ် ပေါင်းစပ်ထားတဲ့ အသင်းကို ရွေးချယ်သွားခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းသာ ၂ ဦးသာ ဒီအသင်းမှာ ပါ၀င်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ အန်ဖီးကို သွားရောက် ကစားရမှာ ဖြစ်ပြီး ဒါဟာ ၂ သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ကာ အာဆင်နယ်ဟာ title race မှာ လုံး၀ ခြေချော်လို့ မရတဲ့ အခြေအနေ ဖြစ်သလို လီဗာပူးကလည်း ဥရောပ ၀င်ခွင့်အတွက် ရလဒ်ကောင်းကို လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက်က ချဲလ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဒီရာသီ လီဗာပူးရဲ့ top 4 မျှော်လင့်ချက်က ဝေဝါးသွားခဲ့ပြီး လီဗာပူးဟာ လက်ရှိမှာ အဆင့် ၃ နဲ့ ၄ နေရာတွေမှာ ရပ်တည်နေတဲ့ နယူးကာဆယ် မန်ယူနိုက်တက် တို့နဲ့ ၁၀ မှတ်ထိ ကွာဟနေပါတယ်။ ဒီရာသီမှာတော့ နှစ်သင်းစလုံးရဲ့ အခြေအနေဟာ အတော်လေး ကွာခြားနေပြီး အာဆင်နယ် ကစားသမား တော်တော်များများဟာ Player of the Year ဆုတွေ အတွက် ရေပန်းစားနေပေမယ့်လည်း လီဗာပူး စတား တော်တော်များများ ကတော့ ခြေစွမ်းတွေ ကျဆင်းနေပါတယ်။

ဒီနှစ်သင်း ပေါင်းစပ်ထားတဲ့ combined XI ကို ရေးပါလာက ရွေးချယ်သွားခဲ့ပြီး အားလုံး ထင်ထားတဲ့ အတိုင်းပဲ အာဆင်နယ် ကစားသမား အများစုသာ ဒီအသင်းမှာ ပါ၀င်လာခဲ့ပါတယ်။

ပါလာက “လက်ရှိ Form အရ ဆိုရင် ဒီအသင်းမှာ အာဆင်နယ် ကစားသမား အများစုပဲ ပါလာမှာပါ။ ဗာဂျယ်ဗန်ဒိုက် ကလွဲပြီးတော့ပေါ့။ ဗန်ဒိုက်ကလည်း ဒီရာသီမှာ အကောင်းဆုံး မကစားနိုင်ဘူး ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော် ကတော့ သူ့ကို ဂါဘရီရယ်နဲ့ တွဲဖက် ကစားစေမှာပါ။ ရော့ဟိုဒင်း နဲ့ လက်ရှိမှာ ဒဏ်ရာကြောင့် နားနေရတဲ့ ဝီလီယံဆလီဘာ တို့ကို မလေးမစား ပြောတာတော့ မဟုတ်ပါဘူး။

ဒ့ါအပြင် ကျနော့် အနေနဲ့ မိုဆာလား အတွက် နေရာ တစ်ခုလည်း ရှာဖွေသွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အနေနဲ့ ဘူကာယိုဆာကာ ကို ဘယ်လိုမှ ဖယ်ထုတ်သွားလို့ မရနိုင်ပါဘူး။ ဂါဘရီရယ်မာတင်နယ်လီ ကလည်း ကစားပုံ ကောင်းနေဆဲ ဖြစ်တာကြောင့် ရွေးချယ်ရ ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမယ့် ဂါဘရီရယ်ဂျီဆုဟာ မကြာသေးမီကမှ ဒဏ်ရာကနေ ပြန်လာခဲ့တာပါ။ ဒါ့ကြောင့် ကျနော် အထောင် တိုက်စစ်မှာ ဘရာဇီး ကစားသမားကို ကျော်ပြီး ဆာလားကို ကစားစေပါမယ်။

ဆာလားဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ကစားရင်းနဲ့ အဲဒီနေရာ ရောက်သွားမှာပါပဲ။ ဆာကာ မာတင်နယ်လီ တို့ကို တောင်ပံတွေမှာ ကစားစေပြီး ဆာလားကို false 9 အဖြစ် ကစားစေမှာပါ။ ဂျီဆုက အခုမှ ပြန်လာတာ မို့လို့ပါ။ လီဗာပူး ကစားသမားတွေ အတွက် နေရာ သိပ်မရှိပါဘူး။ ဂိုးပေါက်မှာ အာရွန်ရမ်စ်ဒဲလ်ကိုပဲ ထားရမှာပါ။ ညာနောက်ခံလူ နေရာမှာ ကျနော် ဘန်ဝိုက်ကို ပျော်ပျော်ကြီး ထားကစားသွားမှာပါ။ သူဟာ နောက်ခံလူကောင်း ဖြစ်ကာ ဒီရာသီ ကောင်းကောင်း လုပ်ပြထားခဲ့ပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ ဇင်ချန်ကိုဟာ တအားကို ကောင်းနေပါတယ်။

ကျနော် ရောဘတ်ဆန်ကို နှစ်သက်ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ဦးပါ။ ဒါပေမယ့် ဇင်ချန်ကိုဟာ ဒီရာသီ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဒါ့ကြောင့် ထရန့် နဲ့ ရောဘတ်ဆန် တို့အစား ကျနော် ဘန်ဝိုက် နဲ့ ဇင်ချန်ကို တို့ကို သေချာပေါက် ရွေးချယ်သွားမှာပါ။ ကွင်းလယ်မှာ ပါတေးဟာ တအားကို ကောင်းနေခဲ့သလို အိုဒီဂတ်ရဲ့ ကစားပုံ အရ သူ့ကို ချန်လှပ်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လီဗာပူးရဲ့ ဘယ်ကွင်းလယ်လူမှ ဒီအသင်းမှာ နေရာ မရနိုင်ပါဘူး။ ပါတေး ရှာခါ နဲ့ အိုဒီဂတ် တို့ဟာ တအားကို လုပ်အားကောင်းပြီး လက်ရှိ ကစားပုံ အရ ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ နေရာရနိုင်မှာ မဟုတ်ပါဘူး။”

ပါလာရဲ့ လီဗာပူး-အာဆင်နယ် Combined XI – ရမ်စ်ဒဲလ် ၊ ဘန်ဝိုက် ၊ ဗန်ဒိုက် ၊ ဂါဘရီရယ် ၊ ဇင်ချန်ကို ၊ ရှာခါ ၊ ပါတေး ၊ အိုဒီဂတ် ၊ ဆာကာ ၊ မာတင်နယ်လီ ၊ ဆာလား

SM