ဥရောပ ဘောလုံးရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတော့ ပိတ်သိမ်းသွားခဲ့ပါပြီ ။ ဒီမနက်မှာ ပြီးဆုံး ခဲ့တဲ့ Transfer Deadline Day ရဲ့ နောက်ဆုံး အချိန်မှာတော့ ထုံးစံအတိုင်း အပြောင်းအရွှေ့များစွာ ဖြစ်ပေါ်ခဲ့ ပါတယ် ။
PSG ဟာ ဖရန့်ဖတ် တိုက်စစ်မှူး ကိုလို မူအာနီ ကို အပြောင်းအရွှေ့ မပိတ်ခင်မှာ ယူရို သန်း ၉၀ နဲ့ အရ ခေါ်ယူ သွားနိုင်ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာလည်း ဖီအိုရင်တီးနား ကွင်းလယ်လူ ဆော့ဖ်ယန် အမ်မရာဘတ် ကို အငှား + အပြီးသတ် ဝယ်ယူခွင့် ပုံစံ နဲ့ ခေါ်ယူ ပြီးမြောက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ် ။ ဒါ့အပြင် တိုက်စစ်မှူးလေး မေဆင် ရင်းဝုဒ် ကို စပိန် ကလပ် ဂီတာဖေး အသင်းဆီ အငှားစေလွှတ် နိုင်ခဲ့ပါတယ် ။ ကနဦးတုန်းက ဂရင်းဝုဒ် နဲ့ ယူနိုက်တက်တို့ ၂ ဦး သဘောတူလမ်းခွဲဖို့ သတင်းထွက်ခဲ့ ပေမယ့် အခုချိန်မှာတော့ ဂရင်းဝုဒ် ဟာ အငှားစာချုပ် ပြည့်ချိန်မှာ မန်ယူနိုက်တက် ကို ပြန်လာခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။
ယူနိုက်တက် ဟာ ကစားသမားသစ် ဟွိုင်လန်း ၊ ရီဂွီလွန် တို့ကို အာဆင်နယ်နဲ့ ကစားမယ့် ပွဲအတွက် လူစာရင်းမှာ ထည့်သွင်းခဲ့တယ်လို့လည်း သိရပါတယ် ။
ဘာစီလိုနာ အသင်းကတော့ မန်စီးတီး နောက်ခံလူ ကန်ဆယ်လို နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ယိုဝေါ် ဖဲလစ် တို့ ၂ ဦး ကို အငှားစာချုပ်တွေ နဲ့ ခေါ်ယူ သွားနိုင်ခဲ့ပါတယ် ။ ၂ ယောက်စလုံးမှာ အပြီးသတ် ဝယ်ယူခွင့်တွေ မပါရှိခဲ့ကြပါဘူး ။ ဖဲလစ် ဟာ ဘာစီလိုနာ ကို အငှားမထွက်ခွာခင်မှာ အက်သလက်တီကို မက်ဒရစ် နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို သွားခဲ့ပါတယ် ။
တော့တင်ဟမ် ဟော့စပါး အသင်းကလည်း နော်တင်ဟမ် ဖောရက်စ်မှာ ကစားနေတဲ့ ဝေးလ် လက်ရွေးစင် ဘရီနန် ဂျွန်ဆင် ကို ပေါင် ၃၅ သန်း နဲ့ ခေါ်ယူသွား နိုင်ခဲ့ကြောင်း အသိပေး ကြေညာခဲ့ပါတယ် ။
ရိုင်ယန် ရေးနော့ ပိုင်ဆိုင်တဲ့ ရပ်စ်ဆမ်း အသင်းဟာ အာဆင်နယ် လူငယ် ကစားသမား အာသာ အိုကွန့်ဝူး ကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူ သွားနိုင်ခဲ့ ပါတယ် ။
ဂန်းနား နောက်ခံလူ ရော့ဘ် ဟိုးဒင်း ကတော့ ခရစ္စတယ် ပဲလေ့စ် အသင်းဆီကို ပေါင် ၄ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ ပါတယ် ။
အာဆင်နယ် ကွင်းလယ် ကစားသမားလေး ဆမ်ဘီ လိုကွန်ဂါ ဟာလည်း ပရီးမီးယားလိဂ် တန်းတက် လူတန်တောင်း အသင်းထံ အငှား နဲ့ ပြောင်းရွှေ့ ထွက်ခွာ သွားတယ်လို့ ကြားသိရပါတယ် ။
အဲဗာတန် တိုက်စစ်မှူး နီးလ် မူပေး ကတော့ အသင်းဟောင်း ဘရန့်ဖိုဒ့် ဆီကို တရာသီ အငှားနဲ့ ပြောင်းရွှေ့ ထွက်ခွာခဲ့ပါတယ် ။
စီးရီးအေ ကလပ် အေစီမီလန် အသင်းကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး လူကာ ဂျိုဗစ် ကို အပြီးသတ် ဝယ်ယူနိုင်ခဲ့ ပါတယ် ။ အေစီ တိုက်စစ်မှူး အိုရီဂီ ကတော့ နော်တင်ဟမ် ဖောရက်စ် အသင်းဆီ ပြောင်းရွှေ့ ခဲ့ပြီး ပရီးမီးယားလိဂ် ထံ ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။
ရီးရဲမက်ဒရစ် မှာ ရုန်းကန် နေရတဲ့ အယ်ဗာရို အိုဒရီဇိုလာ ဟာ အသင်းဟောင်း ရီးရဲ ဆိုဆီဒက် အသင်းဆီ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။
ဘာစီလိုနာ ခံစစ်မှူး အဲရစ် ဂါစီယာ ဟာလည်း ဂီရီုနာ အသင်းဆီကို တရာသီအငှားနဲ့ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ ပါတယ် ။ ဘာစီလိုနာ လူငယ်လေး အီဇက် အဘ်ဒီ ဟာလည်း ရီးရဲ ဘက်တစ် အသင်းဆီ ယူရို ၇.၅ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ဘာစီလိုနာ ဘက်က ပြန်ဝယ်ခွင့် ထည့်သွင်းချုပ်ဆို ခဲ့သလို တဆင့် ရောင်းချမှုရဲ့ ၅၀% ကိုလည်း အကျိုးခံစားခွင့် ရရှိဦးမယ်လို့ သိရှိရပါတယ် ။
SPORTS MYANMAR