အသင်းသားတွေရဲ့ နိုင်ပွဲရလိုစိတ် အပေါ် ချီးကျုးခဲ့တဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး အဲရစ် တန်ဟတ် ဟာ မနေ့ညက ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ကစားသွားတဲ့ ယူနိုက်တက် အသင်းသားတွေ ရဲ့ စိတ်ဓါတ် အပေါ် ချီးကျုးပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရန့်ဖိုဒ့် အသင်းကို အိုးထရက်ဖိုဒ့် မှာ ရင်ဆိုင် ကစားခဲ့ပြီး မားကပ် ရက်ဖိုဒ့် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဒီပွဲဟာ ဖေဖော်ဝါရီ နှောင်းပိုင်း ကတည်းက ပျောက်ဆုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပထမဆုံး အမှတ်ပေး နိုင်ပွဲ ဖြစ်လာခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တော့တင်ဟမ် ဟော့စပါး ကို ၃ မှတ် အသာ ရရှိ သွားစေခဲ့ ပါတယ် ။

“လုပ်ချင်စိတ်တွေ ၊ ဖြစ်ချင်စိတ်တွေ ကောင်းမွန်ခဲ့ ပါတယ် ။ ရှေ့ တပွဲတုန်းက ဒါမျိုး မမြင်ရခဲ့ ပါဘူး ။ ပွဲအပေါ် ကိုယ့် အာရုံက မရှိနေတဲ့ အခါမျိုး ဆိုရင် အမှားတွေ လုပ်မိ တတ်ကြပါတယ် ။ ကျွန်တော်တို့က အမှားမရှိတဲ့ စက်တွေ လို ကစားဖို့ လိုအပ်နေတာပါ ။ ဒီပွဲမှာ အမှားတခု လုပ်မိ ပေမယ့် သူတို့ ( ဘရန့်ဖိုဒ့် ) အခွင့်အရေး မယူနိုင်တာ ကံကောင်းပါတယ်” လို့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ပွဲအနေအထား အပေါ် ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

“ကျွန်တော် လိုချင်တဲ့ အနေအထားမျိုးတော့ မရောက်သေးပါဘူး ၊ တနင်္ဂနွေတုန်းက ( နယူးကာဆယ် နဲ့ ) အခြေအနေ ထက်တော့ ပိုကောင်းလာပါပြီ ။ အဲ့ဒိတုန်းကဆိုရင် မန်ချက်စတာ ယူနိုက်တက် မဟုတ်သလို ပါပဲ ။ အခု ဒါကို တုန့်ပြန် နိုင်ပါပြီ ။ ပထမပိုင်းမှာ ကစားတဲ့ ပုံစံမျိုးကို ကျွန်တော် သဘောကျ ပါတယ် ။ ဒါမျိုးက ခက်ခဲတဲ့ ပြိုင်ဘက်တွေ ၊ အထူးသဖြင့် အသင်းကောင်းတွေနဲ့ ကစားရတဲ့ အခါတွေမှာ အဆင်ပြေနိုင်ပါတယ်”

 

 

“ဒါပေမယ့် သေချာပေါက် ပြောရမယ့် အရာ ၂ ခုလည်း ရှိနေပါတယ် ။ ပထမ တခုက အခွင့်အရေးကောင်းကြီး တွေကို ကျွန်တော်တို့ အသုံးမချ နိုင်ခဲ့ကြဘူး ၊ နောက်တခု က အသင်းက အမြင့်ဆုံး ပုံစံ မှာ ရှိမနေသေးတာ ပါပဲ ။ ကျွန်တော်တို့တွေ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်” လို့ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အမှတ်ပေး ဇယား ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၃ က နယူးကာဆယ် နဲ့ အမှတ်တူ ၊ အဆင့် ၅ က တပွဲပိုကန် ထားတဲ့ စပါး ထက် ၃ မှတ်အသာ နဲ့ ရပ်တည်နေပါတယ် ။ လာမယ့် ပွဲစဉ်မှာတော့ ယူနိုက်တက် ဟာ အဲဗာတန် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို ရင်ဆိုင် ကစားရမှာပါ ။

 

SPORTS MYANMAR