ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တောင်ပံတိုက်စစ် ကစားသမား ရာဟင်း စတာလင်ရဲ့ အထူး ခြေစွမ်းပြမှုနဲ့ အတူ တန်းတက် လူတန်တောင်း အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၃ဂိုးပြတ် အနိုင်ရသွားပါတယ် ။
ဒါဟာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ဖြစ်သလို ၊ စတာလင် အတွက်လည်း အချိန် အတော်ကြာမှ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ခြင်းလည်း ဖြစ်ပါတယ် ။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ စတာလင်က ပြီးခဲ့တဲ့ ရာသီကို ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ဖြတ်သန်းခဲ့ရခြင်းနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာရဲ့ နည်းစနစ်တွေ အပေါ် အခုလိုပဲ သွယ်ဝိုက်ထိုးနှက်သွားပါတယ် ။
စတာလင် က ” ( ဒီနှစ် အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ) ကျွန်တော် ပျော်ရွှင်နေခဲ့ပါတယ် ။ လီဗာပူးနဲ့ ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အသင့်အတင့် ကောင်းမွန်ခဲ့ပြီး ၊ ဝက်စ်ဟမ်းနဲ့ ပြီးခဲ့တဲ့ အပတ်က ရှုံးခဲ့တာ ဆိုတော့ ဒီနေ့ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် ပါဝင်အားဖြည့်ပေးနိုင်ခဲ့တာကိုပဲ ဝမ်းသာပါတယ် ။ ”
” ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကျွန်တော့ရဲ့ တဦးချင်း စွမ်းဆောင်ရည်ဟာ အနည်းငယ် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ အချိန်တိုင်းမှာ ဂိုးပေါက်ကို ကျောခိုင်းထားတယ်လို့ အမြဲတမ်း ခံစားခဲ့ရလို့ပါပဲ ။ နောက်နည်းနည်းဆင်းဆော့ခဲ့ရပြီး ၊ ဒါက ကျွန်တော့ကို ပင်နယ်တီ ဧရိယာထဲ ဝင်ပြီး အခွင့်အရေး ရှာဖွေဖို့ လုံလောက်မှု မရှိခဲ့ပါဘူး ။ ”
” ပြီးခဲ့တဲ့ အပတ်က နည်းပြကြီးနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပြီး ၊ ကျွန်တော် ကစားရမယ့် အခန်းကဏ္ဍ အကြောင်း ဆွေးနွေးဖြစ်ခဲ့ပါတယ် ။ သူ ကျွန်တော့ဆီက ဘာအလိုရှိလဲ ဆိုတာ ကျွန်တော် တိတိကျကျ သိပါတယ် ။ ဒီI လောက်ထိ ရိုးရှင်းတာပါ ။ ”
” အရင်ခြေစွမ်း ပြန်ရဖို့ ကျွန်တော် ကြိုးစားရမှာ ဖြစ်သလို ၊ ကိုယ်လုပ်နိုင်တဲ့ အရာတွေလုပ် ၊ ကစားသမားတွေကို ကျော်ဖြတ် ကစားဖို့ လိုပါတယ် ။ ဒါဟာ ကျွန်တော် ခြေစွမ်း အပြနိုင်ဆုံး အချိန်ပါပဲ ။ ကျွန်တော်ဟာ ခက်ခဲတဲ့ အချိန်ကာလ တရပ်မှာ ( ချဲလ်ဆီးကို ) ရောက်လာခဲ့ပါတယ် ။ ခုတော့ ဒါတွေအားလုံး ပြီးဆုံးသွားပါပြီ ။ ”
” အရေးကြီးဆုံး အရာက ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တဲ့အခါတိုင်း ကျွန်တော်ဟာ ကိုယ်လုပ်နေတဲ့ အရာတွေကို အမြဲတမ်း ပြန်လည် ဆန်းစစ်ဖို့ ကြိုးစားတတ်ပါတယ် ။ ဥပမာ – ကိုယ်ဘာအမှားတွေ လုပ်ခဲ့လဲ ၊ ဘာတွေ ပြောင်းလဲနိုင်လဲ စသဖြင့်ပေါ့ ။ ခုတော့ ကျွန်တော်ဟာ ဘောလုံး ကစားတာ ပြန်လည် ရူးသွပ်လာပါပြီ ။ 24/7 ဘောလုံး အကြောင်း ၊ ဂိုးသွင်းဖို့ ၊ ဂိုးဖန်တီးဖို့ပဲ တွေးနေပါတယ် ။ ”
” လီဗာပူးနဲ့ အဖွင့်ပွဲမှာ ကျွန်တော်ဟာ ပြိုင်ဖက် နောက်ခံလူတွေကြားထဲ နည်းနည်း ပိုရောက်ခဲ့ပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ရာသီ အသင်းဖော် အစွန်နောက်ခံလူတွေနဲ့ ဘောလုံး ပေးဆော့တဲ့အခါ နောက်ပိုရောက်သလို ခံစားချက်မျိုး ဖြစ်ပါတယ် ။ ”
” နည်းပြကြီးနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောတဲ့အခါမှာ သူက ‘ ရာဟင်း ၊ မင်းဘယ်နေရာမှာ ကစားလဲ ဆိုတာ အရေးမကြီးဘူး ၊ မင်းသာ ခန့်မှန်းရခက်တဲ့ ပုံစံနဲ့ ကစားမယ်ဆိုရင် မင်းကို ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူး ၊ ဘောလုံးနဲ့ ခပ်ကြမ်းကြမ်းသာ ကစား ‘ လို့ ပြောခဲ့ပါတယ် ။ ကျွန်တော့မှာ ဒါမျိုး လုပ်ဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့ ဆာလောင်မှုတွေ ရှိပြီးသားပါ ။ ”
” ကျွန်တော့ရဲ့ ကစားသမား ဘဝမှာ အရာများစွာ ဖြစ်ပျက်ခဲ့ပြီးပါပြီ ။ စိန်ခေါ်မှုသစ် တရပ်ဆီ ကျွန်တော် ရောက်လာခဲ့တာပါ ။ ဒါက ခက်ခဲခဲ့ပါတယ် ။ ကျွန်တော် ဦးနှောက်က နည်းနည်း ဝေဝါးခဲ့ပါတယ် ။ တခါတလေမှာ ခင်ဗျားဟာ ကိုယ်ဖြစ်ချင်တာ ဘာလဲ ရှင်းရှင်းလင်းလင်း သိရဖို့ မြင်ရဖို့ လိုပါတယ် ။ ”
” ဘောလုံး အတွက် ကျွန်တော့ရဲ့ ချစ်ခြင်းတွေက တိမ်မြှုပ်ပျောက်ကွယ်သွားလို့ မရတဲ့အထိ အရမ်း အားကောင်းလွန်းပါတယ် ။ ဒီခြေစွမ်း အဆင့်အတန်းတွေကို ကျွန်တော် သေချာပေါက် ဆက်လက် ထိန်းသိမ်းသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR