လူတန်တောင်း စတား တဦးကို တော့တင်ဟမ်မှာ ရှိခဲ့စဉ် မခေါ်ယူနိုင်လို့ စိတ်ပျက်ခဲ့မိကြောင်း ဝန်ခံလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံရှစ် play-off ဗိုလ်လုပွဲကနေ အနိုင်ရကာ တန်းတက်လာခဲ့တဲ့ လူတန်တောင်း အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားဖို့ ရှိပါတယ် ။ လူတန်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အားအနည်းဆုံး အသင်း ဖြစ်တာကြောင့် ခြင်္သေ့ပြာတို့ နိုင်ပွဲ မဖြစ်မနေ ရဖို့ လိုအပ်နေပါတယ် ။

လူတန်ဟာ ဘဏ္ဍာရေးအရလည်း ကျန်တဲ့ ပရီးမီးယားလိဂ် ကလပ်တွေထက် အလွန်တရာမှ အားနည်းနေပေမယ့် ကစားသမားသစ် တချို့ တတ်နိုင်သလောက် ဖြည့်တင်းထားရာ ၊ ထိုအထဲမှာ ချဲလ်ဆီးနဲ့ အဲဗာတန် ကွင်းလယ်လူဟောင်း ရော့စ်ဘာကလေလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၉နှစ် အရွယ်ရှိ ဘာကလေဟာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အဲဗာတန်ကနေ ချဲလ်ဆီးသို့ ပေါင် ၁၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၊ ဒဏ်ရာ ပြဿနာ အများအပြား ရင်ဆိုင်ခဲ့ရပေမယ့် ၊ ပွဲပေါင်း ၁၀၀ကျော် ကစားပေးခဲ့ကာ ၊ ၁၂ဂိုးသွင်း ၊ ၁၁ကြိမ် ဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ရာသီမှာ ဘာကလေဟာ လီဂူးဝမ်းကလပ် နိုက်စ်အသင်းသို့ တရာသီ ပြောင်းရွှေ့ခဲ့ပြီး ၊ အခုအခါမှာ တန်းတက် လူတန်နဲ့ ပရီးမီးယားလိဂ်သို့ တကျော့ပြန် ရောက်ရှိလာပါတယ် ။ သို့ပေမယ့် ယင်းအင်္ဂလန်သားဟာ အသင်းသစ်နဲ့ ပွဲထွက်ကစားရခြင်း မရှိသေးပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက တချိန်က တော့တင်ဟမ်မှာ ရှိခဲ့စဉ် ဘာကလေကို မခေါ်ယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ဝန်ခံသွားပါတယ် ။

ပိုချက်တီနို က ” အတိတ်က အရာတွေကို ခင်ဗျားတို့ မှတ်မိသေးတယ်နော် ။ တခါတလေ ခင်ဗျားဟာ ကစားသမားတွေကို ရနိုင်ပေမယ့် ၊ တခါတလေ ကစားသမားဖက်က တခြားတဖက်ကို ပြောင်းဖို့ ဆုံးဖြတ်တာလည်း ရှိပါတယ် ။ ”

” ( ဘာကလေကို မခေါ်နိုင်ခဲ့လို့ ) ကျွန်တော် စိတ်ပျက်ခဲ့မိပေမယ့် ၊ ဒါက သူ့ကိစ္စပဲ ဆိုတာ ကျွန်တော်တို့ နားလည်ပေးရပါမယ် ။ တခါတလေ ကစားသမား တယောက်ဆီမှာ မတူညီတဲ့ စိတ်ဝင်စားစရာတွေ ရှိတတ်ပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ၊ အရမ်း အရည်အချင်းရှိတဲ့ ကစားသမား တယောက်ပါ ။ ”

” ( မနက်ဖြန်ပွဲမှာ ) သူ ကစားခွင့် ရမလား ၊ မရဘူးလား ဆိုတာ ကျွန်တော်တို့ မသိပေမယ့် ၊ ( လူတန်တောင်းအတွက် ) ဖြည့်ပေးနိုင်တဲ့ သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော် သိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက လူတန်ကို ဧည့်ခံ ကစားရမယ့် ပွဲအကြောင်း အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ပိုချက်တီနို က ” ဒါက ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာမှာပါ ။ သူတို့ရဲ့ ကစားပုံကို ကျွန်တော်တို့ စောင့်ကြည့် အကဲခတ်နေပါတယ် ။ သူတို့ဟာ အင်အားတောင့်တင်းမှု ရှိတဲ့ အသင်း တသင်းလို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ဟာ ၃ – ၅ – ၂ ကစားကွက်ကို သုံးနေတယ် ဆိုတာ ရှင်းပါတယ် ။ ”

” သူတို့ဟာ တိုက်စစ်ခံစစ် အတက်အဆင်း ကစားတာ အမှန်တကယ် မြန်ဆန်သလို ၊ တည်ကန်ဘောတွေမှာလည်း အားကောင်းပါတယ် ။ ဒါဟာ ကျွန်တော်တို့ လေးစားမှုထားဖို့ လိုတဲ့ အသင်း တသင်း ဖြစ်ပြီး ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချမှု ရှိဖို့ လိုပါတယ် ။ ”

” နောက်ပြီး သူတို့ ကစားမယ့် ပုံစံနဲ့ လိုက်ပြီး တုန့်ပြန်နိုင်ဖို့ ကျွန်တော်တို့ဖက်က အသင့်ရှိနေရပါမယ် ။ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကစားနိုင်တဲ့ နည်းလမ်းနဲ့ ကစားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR