ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း အက်သလက်တီကို အသင်းကနေ ချဲလ်ဆီး အသင်းသို့ ၆လ အငှား ၊ ယူရို ၁၁သန်းနဲ့ ပြောင်းလာတဲ့ ပေါ်တူဂီ လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ဂျိုဝေါင် ဖဲလစ်ဟာ လန်ဒန်မှာ လအနည်းငယ် ကျော်ဖြတ်ပြီး ၊ အသင်းသစ်နဲ့ အတော်လေး အသားကျလာတာကို တွေ့ရပါတယ် ။
အငှား စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် မပါတာကြောင့် ချဲလ်ဆီးဖက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်ရပ်နဲ့သာ ခေါ်ယူဖို့ မကြိုးစားခဲ့ဘူးဆိုရင် ဖဲလစ်ဟာ ယခုနှစ် ဘောလုံး ရာသီကုန်တာနဲ့ စပိန်မြေသို့ တန်းပြန်ရမှာ ဖြစ်ပါတယ် ။
အသက် ၂၃နှစ် အရွယ်ရှိ ဖဲလစ်ဟာ ၂၀၁၉ နွေရာသီစျေးကွက် အတွင်း ဘင်ဖီကာကနေ အက်သလက်တီကိုသို့ ကလပ်စံချိန်တင် တန်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ နောင်တော် တိုက်စစ်မှူးတွေရဲ့ ခြေလှမ်းကို လိုက်မမှီနိုင်ခဲ့သလို ၊ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ ခံစစ် အသားပေး နည်းစနစ်နဲ့ အတော်လေး ရုန်းကန်ထားရပါတယ် ။
စီးပွားရေးနဲ့ စျေးကွက် အမြင်ရှိတဲ့ မိခင်ကလပ် အက်သလက်တီကိုဖက်ကတော့ ဖဲလစ်ကို အငှားမပို့မီ ၂နှစ် သက်တမ်း တိုးထားတာကြောင့် ချဲလ်ဆီး အနေနဲ့ ၄င်းကို ခေါ်ချင်ရင် အနည်းဆုံး ပေါင်သန်း ၇၀ ဝန်းကျင်ကနေ စတင် ကမ်းလှမ်းရနိုင်ပါတယ် ။
စတမ်းဖို့ဒ်ဘရစ်ခ်ျဆီ အခြေချတာ လအနည်းငယ်သာ ကြာသေးပေမယ့် ၊ ဖဲလစ်ဟာ ချဲလ်ဆီး အသင်းသားတွေနဲ့ နားလည်မှု သင့်တင့်သလောက် ရထားပြီး ၊ ပရိသတ်တွေဆီကနေတော့ ချစ်ခြင်းမေတ္တာများစွာ လက်ခံရထားပါတယ် ။
တဖက်မှာ ကာယကံရှင်ဖက်ကတော့ ချန်ပီယံလိဂ် ကစားခွင့်ဟာ ၄င်းရဲ့ အနာဂတ် အပေါ် ကြီးမားတဲ့ သက်ရောက်မှုမျိုး ရှိကြောင်း ဝန်ခံထားကာ ၊ လောလောဆယ် ချဲလ်ဆီး အဖို့ ပြည်တွင်းလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့က အလွန့်အလွန် ခက်ခဲနေတာကြောင့် အပြီးသတ် ခေါ်ယူခဲ့ရင်တောင် ဖဲလစ်ရဲ့ ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး ။
ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဖရန့် လီဘို့ဖ်ကတော့ ၄င်းရဲ့ အသင်းဟောင်း အနေနဲ့ ခြေစွမ်း ပေါ်လွင်နေတဲ့ ဖဲလစ်ကို လာမယ့် ရာသီမှာ အပြီးသတ် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ အတွက် အနာဂတ် မသေချာနေတဲ့ အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ်နဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်တို့ကို ထုတ်ရောင်းသင့်တယ်လို့ တိုက်တွန်းသွားပါတယ် ။
ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ဂျိုဝေါင် ဖဲလစ်ဟာ ကြီးကျယ်တဲ့ ကစားသမား တဦးပါ ။ သူဟာ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ အန္တရာယ် အရှိဆုံး ကစားသမား ၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး ကစားသမား ၊ အနုပညာ အဆန်ဆုံး ကစားသမား ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ နောက်ပြီး သူဟာ ခြေစွမ်း တည်ငြိမ်မှုလည်း ရှိပါတယ် ။ ”
” ပွဲတိုင်းလိုလိုမှာ သူဟာ ချဲလ်ဆီး အတွက် တခု မဟုတ် တခု လုပ်ပြတတ်ပါတယ် ။ သူ့ကို အပြီးသတ် ခေါ်ဖို့ ချဲလ်ဆီးတို့ ရှိတဲ့ ကစားသမား အချို့ကို ထုတ်ရောင်းသွားနိုင်ဖို့ မျှော်လင့်ရပါတယ် ။ ဥပမာ – ပူလီဆစ် ၊ မောင့်တို့ပေါ့ ။ ”
” ဒီအတွက် ငွေကြေးများစွာ ကုန်ကျပါလိမ့်မယ် ။ ဒီအချက်ကသာ ပိုင်ရှင်တွေ အတွက် စိုးရိမ်စရာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကစားသမား တဦး အနေနဲ့ ပြောရရင်တော့ ကျွန်တော် သူ့ကို အပြီးသတ် ခေါ်သွားလိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR