‘ ကျွန်တော် တခါမှ line-up မထုတ်ဖူးပါဘူး ‘ – ဘရူနို ဆော်လ်တာ

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ ၇လသာ ကြာသေးတဲ့ ဂရေဟမ် ပေါ်တာကို နည်းပြ ရာထူးကနေ တရားဝင် ဖယ်ရှားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယာယီ နည်းပြသစ် အဖြစ် ၄င်းရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ ဘရူနို ဆော်လ်တာကို နည်းပြသစ် အတည်တကျ မရှာနိုင်မချင်း နေရာပေးလိုက်ပါတယ် ။

ဂရေဟမ် ပေါ်တာ အထုတ်ခံရတဲ့အချိန် သူနဲ့ တပါတည်း လိုက်သွားတဲ့ နည်းပြ အဖွဲ့ဝင်တွေထဲ ဘီလီရိဒ် တဦးတည်းသာ ပါခဲ့ပြီး ကျန်တဲ့ အဖွဲ့ဝင်တွေက ချဲလ်ဆီးမှာ နည်းပြသစ် တဦး မရောက်မချင်း ယာယီ ထိန်းပေးရမယ့် သဘော ရှိနေပါတယ် ။

ယနေ့ညမှာ ဘရူနို ဆော်လ်တာ အတွက် ယာယီ နည်းပြ ဘဝ ပထမဆုံး ပွဲအဖြစ် ရလဒ်တွေ မတည်မငြိမ် ဖြစ်နေတဲ့ လီဗာပူး အသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိပါတယ် ။ ကြားထဲမှာ လေ့ကျင့်ရေး အစီအစဉ် တကြိမ်သာ ဖြတ်သန်းထားတာမို့ အချို့ ချဲလ်ဆီး ပရိသတ်တွေဟာ ယနေ့ည ပွဲအတွက် ၄င်းထံကနေ ကြီးကြီးမားမား မျှော်လင့်ထားတာမျိုးတော့ မရှိနေပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆော်လ်တာ က သူဟာ နည်းပြ ဘဝ ကျင်လည်လာတဲ့ ၄နှစ် အတွင်း ပထမဆုံး အကြိမ် line-up ရွေးချယ်ရတော့မယ့် အကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပေမယ့် ၊ လောလောဆယ်မှာ ခြင်္သေ့ပြာတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင်တော့ သူ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ် ။

ဆော်လ်တာ က ” ကျွန်တော်ဟာ နည်းပြ ဘဝမှာ ၄နှစ်တာ ကျင်လည်ဖူးပြီး ၊ ဂရေဟမ် ပေါ်တာ လက်အောက်မှာ နည်းပြ အဖွဲ့ဝင် တဦး အဖြစ်နဲ့ တာဝန် ထမ်းဆောင်ထားပါတယ် ။ အမှန်အတိုင်း ပြောရရင် သူက မန်နေဂျာ ဖြစ်တဲ့ အတွက် နောက်ဆုံး ဆုံးဖြတ်ချက်တွေကို သူ ကိုယ်တိုင် ချရပါတယ် ။ ”

” ဒါကြောင့် ပွဲထွက်စာရင်းတွေကို ကျွန်တော် တခါမှ မထုတ်ဖူးဘူး ဆိုတာ ရှင်းနေမှာပါ ။ မနက်ဖြန်ပွဲက ကျွန်တော့ အတွက် ပထမဆုံး အကြိမ် ပွဲထွက်စာရင်း ထုတ်ပေးရမယ့် ပွဲပါ ။ ကျွန်တော် အေးအေးဆေးဆေးပါပဲ ။ ဒါက ကျွန်တော့ အလုပ်နဲ့ တာဝန်ခံမယ့် ကိစ္စပါပဲ ။ ”

” ကျွန်တော်ဟာ အမှန်တကယ် အရေးပါတဲ့ ကလပ် တသင်းမှာ ရှိနေပြီး ၊ ဒီအတွက် အကောင်းဆုံး ကြိုးစားသွားချင်ပါတယ် ။ ကျွန်တော် ဒီနေရာမှာ ရောက်နေတယ် ဆိုတာဟာ ဂရေဟမ်နဲ့ ကလပ်ဖက်က ဒါဟာ မှန်ကန်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ ယူဆတာကြောင့်ပါ ။ ကျွန်တော်ဟာ ကလပ်ကို ကူညီပေးဖို့ အတတ်နိုင်ဆုံး ပရော်ဖက်ရှင်နယ်ဆန်ဆန် ကြိုးစားနေရုံသက်သက်သာ ဖြစ်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ဒါက ကျွန်တော်တို့ အားလုံး အတွက် ခက်ခဲတဲ့ ၂၄နာရီ ဖြစ်ခဲ့ပါတယ် ။ အခုတော့ ဒီအခြေအနေကို ကျွန်တော်တို့ ရင်ဆိုင်ရရုံပဲ ရှိပါတယ် ။ တနေ့ချင်းစီ အာရုံစိုက်ဖို့ ၊ ဘယ်လိုမျိုး ထိရောက်မှု ရှိအောင် လုပ်ဆောင်ဖို့ ၊ ထိန်းချုပ်ဖို့ပဲ အမှန်တကယ် အရေးကြီးနေပါတယ် ။ ”

” ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက ဒီနေ့ ဘယ်လို လေ့ကျင့်မယ် ၊ မနက်ဖြန် ဘယ်လို ကစားမယ် ၊ ဒီကနေတဆင့် ဘယ်လို ရှေ့ဆက်ကြမယ် ဆိုတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR