ဂန်းနားတို့ ချန်ပီယံ ဖြစ်ချင်ရင် ကစားသမား ၆ ဦး ကို ပွဲတိုင်း အသုံးပြုရမယ်လို့ သတိပေးလိုက်တဲ့ တိုနီအဒမ်စ်

ဂန်းနား ဂန္တဝင် နောက်ခံလူ တိုနီအဒမ်စ် ကတော့ ဂန်းနားတို့ ချန်ပီယံ ဆု အတွက် ယှဉ်ပြိုင် ရာမှာ ဒဏ်ရာ လုံးဝ ရလို့ မရတဲ့ အာဆင်နယ် ကစားသမား ၆ ဦး နာမည် ကို ပြောကြားလိုက်ပြီး သူတို့ ဒဏ်ရာရသွားမလား ဆိုတာ စိုးရိမ် ပူပန် နေတယ်လို့ ပြောကြား လာခဲ့ပါတယ် ။

ဂန်းနားတို့ဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ရပ်တည် နေတဲ့ အသင်း ဖြစ်ပြီး ဒုတိယနေရာက မန်ချက် စတာစီးတီး အသင်းကို ၈ မှတ် ဖြတ်ထား နိုင်ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းထက် တစ်ပွဲ ပိုကစားထားပါတယ် ။ ဒီတစ်ပတ်မှာတော့ နိုင်ငံပွဲတွေကြောင့် ရပ်နား ထားရတဲ့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး အာဆင်နယ် က လိဒ်ယူနိုက်တက် ၊ မန်စီးတီး က လီဗာပူး နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ဝေးကွာ နေခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကတော့ အနည်းဆုံး ရဖို့ သေချာ နေပြီး အမြင့်ဆုံး အနေနဲ့ နှစ် ၂၀ ကျော်ကြာ ဝေးကွာ နေတဲ့ အမှတ်ပေး ချန်ပီယံဆုကို မျှော်မှန်း လို့ ရနေပါတယ် ။

တိုနီအဒမ်စ် ကတော့ လက်ရှိ အာဆင်နယ် အသင်းရဲ့ လူစာရင်း အနေအထား အပေါ် အားရကျေနပ်မှု မရှိသေးဘူးလို့ ဆိုလိုက်ပြီး ကစားသမား ဝယ်ယူမှုမှာ ကြီးကြီးမားမား ရင်းနှီး မြှပ်နှံမှု လုပ်ဖို့ လိုအပ် နေဆဲ ဖြစ်တယ်လို့ The Sun နဲ့ တွေ့ဆုံမှု မှာ ပြောကြား သွားခဲ့ပါတယ် ။

” လာမယ့် ရာသီမှာ ကစားရမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲက လက်ရှိ အာဆင်နယ် အသင်း ကစားသမား အများစု အတွက် ပြိုင်ပွဲ အသစ်ပါပဲ ။ နောက်ပြီး လက်ရှိ လူစာရင်း နဲ့ဆို ချန်ပီယံလိဂ် ပြိုင်ပွဲ နှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ နှစ်ရပ်စလုံး ကစားဖို့ ဆိုတာ က အင်မတန် ခက်ခဲ ပါလိမ့်မယ် ။ ”

” ယူရို ပါလိဂ် ပြိုင်ပွဲ မှာ အဓိက ကစားသမားတွေကို အနားပေးလိုက်တော့ ဘယ်လို ဖြစ်ပျက် သွားခဲ့သလဲ ဆိုတာ ခင်ဗျားတို့ အားလုံးလည်း တွေ့လိုက်ကြမှာပါ ။ အရန် ကစားသမားတွေက သာမန် အနေအထားပဲ ရှိပါတယ် ၊ စပို့တင်း ရဲ့ စိတ်ကြိုက် ခြယ်လှယ်မှု ကို ခံခဲ့ရတာပါ ။ ”

” အခု အချိန်မှာလည်း အာဆင်နယ် က ဘူကာရို(ဆာကာ) ၊ ဂါဘရီရယ် မာတင်နယ်လီ ၊ မာတင် အော်ဒီဂတ် ၊ သောမက်စ် ပါတေး ၊ ဂါဘရီရယ် ဂျေးဇု နှင့် ဇင်ချန်ကို တို့ ကို အပတ်တိုင်း ထည့်ကစားဖို့ လိုအပ် ပါတယ် ။ သူတို့ကို မှ မထည့်ရင် ထည့်စရာ မရှိတဲ့ အနေအထား ဖြစ်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM