နယ်သာလန်ဂန္တ၀င် ၂ ဦးရဲ့ ဝိုင်း၀န်းတိုက်ခိုက်မှုကို တုန့်ပြန်လိုက်တဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်ဟာ ဒတ်ခ်ျဂန္တ၀င် နှစ်ဦး ဖြစ်တဲ့ ရူ့ဂူးလစ် နဲ့ မာကိုဗန်ဘက်စတန် တို့ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး လက်ရှိမှာတော့ လီဗာပူး စတားဟာ အဆိုပါ ကစားသမားဟောင်း ၂ ဦးကို ပြန်လည် တုန့်ပြန်မှု လုပ်သွားခဲ့ပါတယ်။ လီဗာပူး ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ဒီရာသီမှာတော့ ၎င်းရဲ့ ခြေစွမ်းက ကျဆင်းနေခဲ့ကာ ဒါဟာ လီဗာပူးရဲ့ ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိစေခဲ့ပါတယ်။

လက်ရွေးစင် အသင်းမှာလည်း ကောင်းမွန်တဲ့ အခြေအနေကို ပိုင်ဆိုင်နိုင်ခြင်း မရှိ ဖြစ်နေပြီး ဗန်ဒိုက် ဦးဆောင်တဲ့ နယ်သာလန် အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ပြင်သစ်ကို ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နည်းပြသစ် ရော်နယ်ကိုးမန်း အပါအ၀င် နယ်သာလန် တစ်သင်းလုံး ဒီလို performance အတွက် ဝေဖန်မှုကို ခံထိုက်ပေမယ့်လည်း ချဲလ်ဆီး icon ဂူးလစ် နဲ့ ဗန်ဘက်စတန် တို့ကတော့ ဗန်ဒိုက်ကိုသာ မဲပြီး အပြစ်တင်ခဲ့ပါတယ်။

ဂူးလစ်က “ကျနော်တို့ဟာ ဗာဂျယ်ဗန်ဒိုက်ကို ကောင်းမွန်တဲ့ အမြင်နဲ့ ဝေဖန်မှု လုပ်တာ ဖြစ်ပါတယ်။ သူဟာ FIFA Team of the Year မှာ ပါ၀င်ခဲ့သူ မဟုတ်လား? သူဟာ အရမ်းကောင်းတဲ့ဆုကို ရထားခဲ့သူပဲ မဟုတ်လား? ဒါဆိုရင် ခင်ဗျားရဲ့ အရည်အသွေးကို ကျနော်တို့ကို ပြပါ။ သူဟာ ဒီအသင်းမှာ ပါ၀င်ဖို့ ထိုက်တန်နေဆဲလား? အားလုံးကတော့ ဒီလိုပဲ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ဒီထဲမှာ ကျနော် မပါပါဘူး။” လို့ ဆိုခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဂူးလစ် နဲ့အတူ ယူရိုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဗန်ဘက်စတန် ကလည်း “တကယ့် ခေါင်းဆောင်ကောင်း ဆိုတာ ကိုယ့်ရဲ့ အတွေးကို အခြားသူတွေ ကြားနိုင်အောင် ပြောပြီး ကွင်းထဲက အခြေအနေကို အသင်းသားအားလုံး ရှင်းလင်းသွားအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ အမြဲတမ်း မရှင်းမရှင်း ဖြစ်နေခဲ့ပါတယ်။ သူဟာ ပရမ်းပတာ ဖြစ်အောင် ဖန်တီးကာ ဒါဟာ ကွင်းထဲမှာ နားလည်မှု လွဲချော်စေပါတယ်။ အသင်းခေါင်းဆောင် တစ်ဦး အနေနဲ့ ဒါကို ရှောင်ရှားသွားဖို့ လိုပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

နယ်သာလန်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျီဘရော်တာကို ၃-၀ နဲ့ အနိုင်ယူကာ နိုင်ပွဲလမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပြီး အဆိုပါ ပွဲစဉ် အပြီးမှာ ဗန်ဒိုက်ဟာ သူ့ကို အပြင်းအထန် ဝေဖန်နေကြတဲ့ နယ်သာလန် ဂန္တ၀င် နှစ်ဦးရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး တုန့်ပြန်မှု လုပ်ခဲ့ပါတယ်။

ဗန်ဒိုက်က “အမှန်ပါပဲ။ သူတို့ရဲ့ ပြောဆိုမှုတွေဟာ ကျနော့် အတွက် ဘာမှ အသုံးမ၀င်ပါဘူး။ ဒီနေ့ခေတ်မှာ လူတိုင်းဟာ ကိုယ့်အမြင်ကို လွတ်လပ်စွာ ချပြနိုင်ပါတယ်။ ဒီလိုပဲ ဖြစ်နေပါတယ်။ ကျနော်ဟာ တအားကို မြင့်မားလွန်းတဲ့ standard ကို ချမှတ်ခဲ့သူလား? ဒါဟာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ဘယ်သူမှ ပြီးပြည့်စုံမှု မရှိပါဘူး။ ရှင်းရှင်းပြောရရင် ဘယ်ကစားသမားမှ ခြေစွမ်း တသမတ်တည်း မရှိပါဘူး။

ကျနော်ဟာ ကလပ်မှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။ ဘောလုံးသမားတွေရဲ့ ဘ၀ကို သူတို့ဟာ အားလုံးထက် ပိုသိကြပါတယ်။ အားလုံးမှာ အနိမ့် အမြင့် ကာလတွေ ဆိုတာ ရှိပါတယ်။ အမြဲတမ်း တသတ်မတ်တည်း မကစားနိုင်ဘူး ဆိုတာ သာမန် အခြေအနေပါ။ ကလပ် အနေနဲ့ကော ကစားသမား တစ်ဦး အနေနဲ့ပါ ကိုယ့်ရဲ့ level ကို ပြန်လည် ရှာဖွေရတဲ့ ကာလဆိုတာ ရှိတက်ပါတယ်။ ဒါကို လူတွေ မမေ့သင့်ပါဘူး။

လူတွေ အမှား လုပ်တက်ကြတာ သာမန်ပါပဲ။ ဒါဟာ ဘောလုံးရဲ့ အစိတ်အပိ်ုင်းပါ။ ဒါဟာ လူသားဆန်တာပါ။ ဒီအချိန်မှာတော့ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပြောဆိုနိုင်တဲ့ ပလက်ဖောင်းတွေ အများကြီး ရှိနေပါပြီ။ ဒါ့ကြောင့် အရာအားလုံးဟာ ပုံကြီးချဲ့သလို ဖြစ်နေပါတယ်။ ကိုယ်လုပ်နေတာ မှန်ကန်သလား မမှန်ကန်ဘူးလား ဆိုတာ ကိုယ့်ကသာ အခြားသူတွေထက် အသိဆုံး ဖြစ်ပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

SM