ဆာကာ နဲ့ ပတ်သက်ပြီး ပြိုင်ဘက် အသင်းတွေကို သတိပေး စကားဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က ဆာကာ ဆီကနေ အခုထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ မြင်ရဖို့ ရှိနေသေးကြောင်း ပြိုင်ဘက် အသင်းတွေထံ သတိပေး စကား ပြောကြား လိုက်ပါတယ် ။ အသက် ၂၁ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဆာကာ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး အထိ သွင်း ထားသူပါ ။

ဒါ့အပြင် ဆာကာ ဟာ နိုင်ငံ အသင်း ဖြစ်တဲ့ အင်္ဂလန် အသင်း အတွက်လည်း ခြေစွမ်းပြ ကစားနေပြီး ယူကရိန်း အသင်း ကို နှစ်ဂိုးပြတ် အနိုင် ရတဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ဂိုးဖန်တီးမှု တစ်ကြိမ် လုပ် နိုင်ခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ က ဆာကာ လို အသက်အရွယ် နဲ့ တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်တာဟာ အလွန်ရှားပါးကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” ဆာကာ က ရှေ့လျှောက် တိုးတက် လာဦးမယ့် ကစားသမားပါ ၊ ပထမဦးဆုံး အနေနဲ့ သူ လုပ်ပြနေတဲ့ အရာတွေ အပေါ် ကျနော်တို့ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ် ၊ သူ့လို အသက်အရွယ် မှာ သူ့လို တည်ငြိမ်မှုမျိုး ၊ အဆင့်အတန်းမျိုး ရှိတဲ့ ကစားသမားက အင်မတန် ရှားပါးပါတယ် ။ သူက ဒါကို ပုံမှန် လုပ်ပြနေတာပါ ။ ”

” ခင်ဗျား က သူ ဒီထက် ပိုမို တိုးတက် ကောင်းမွန်လာ နိုင်ချေ ရှိသလား မေးတော့ ကျနော် ကတော့ ‘ ဒါပေါ့ဗျာ ၊ အများကြီး ရှိပါတယ် ။ ‘ လို့ ပြန်ဖြေပါမယ် ။ သူက ဘယ်တော့မှ ကိုယ့်ကိုယ်ကို အားရ ကျေနပ်သူ မဟုတ်ပါဘူး ၊ အမြဲတမ်း ပိုကောင်းအောင် လုပ်ချင်နေသူပါ ၊ သူ အခုထက် ပိုကောင်းအောင်ပိုထိရောက်အောင် လုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ် ။ အပြောင်းအရွှေ့ဂုရု ဖာဘရစ်ဇီယို ရိုမာနို ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ ဆာကာ ကို မကြာခင် စာချုပ်သစ် ချုပ်ဆို နိုင်တော့မှာ ဖြစ်ပြီး နှုတ်အားဖြင့် သဘောတူညီမှု က ဖေဖော်ဝါရီလကတည်းက ရရှိထားတာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဆာကာ ကို ခေါ်ယူဖို့ အင်္ဂလန် က နှစ်သင်း ၊ အင်္ဂလန် ပြင်ပက နှစ်သင်း ကို စောင့်ကြည့် ခဲ့ပေမယ့် ဆာကာ က အာဆင်နယ် မှာပဲ ဆက်နေမှာ ဖြစ်တဲ့အတွက် သူတို့အတွက် အခွင့်အရေးတော့ မရှိပါဘူး ။

ဆာကာ ဟာ အာဆင်နယ် အသင်း ရဲ့ စာချုပ်သစ်မှာ လက်မှတ် ရေးထိုးပြီးပါက တစ်နှစ်လုပ် ပေါင် ၁၅ သန်း အထိ ရသွားမှာ ဖြစ်တယ်လို့ Daily Mail က ရေးသားထားပါတယ် ။ အပိုဆုကြေးတွေကိုပါ ထည့်တွက်မယ်ဆိုရင် ဆာကာ ရဲ့တစ်ပတ် လုပ်ခဟာ ပေါင် ၃ သိန်း ဝန်းကျင် ဖြစ်သွားမှာ ဖြစ်ပါတယ် ။ စာချုပ်သစ် ချုပ်ဆိုပြီးပါက ဆာကာ ဟာ အာဆင်နယ် ရဲ့လက်ရှိ လစာ အများဆုံး ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ် ။

SM