ရီးရဲလ်မက်ဒရစ် – ချဲလ်ဆီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ အပေါ် ခန့်မှန်းမှု လုပ်သွားတဲ့ အဂွဲရိုး

ချဲလ်ဆီးဟာ လာမယ့် ဧပြီလထဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ကျော့ အဖြစ် လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒါဟာ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ၃နှစ်ဆက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။

၂၀၂၁ မှာ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ၃ – ၁ ရလဒ်နဲ့ နိုင်ခဲ့ပြီး ၊ ၂၀၂၂ မှာတော့ ရီးရဲလ်မက်ဒရစ်က ၂ကျော့ပေါင်း ရလဒ် ၅ – ၄ နဲ့ ပြန်နိုင်ခဲ့ပါတယ် ။ ၂သင်းလုံးဟာ တသင်းကို တသင်း ကျော်ဖြတ် အနိုင်ယူရင်း ချန်ပီယံ ဖြစ်ထားကြပါတယ် ။

ရှေ့၂နှစ်မှာ ဒီ ၂သင်းရဲ့ ပြည်တွင်းလိဂ် ဖြတ်သန်းမှုမှာ ကွာခြားချက် ကြီးကြီးမားမား မရှိခဲ့ပါဘူး ။ ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ သရဖူကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ၊ ချဲလ်ဆီးကတော့ ဥရောပ ဝင်ခွင့် တနေရာ အတွက်တောင် ပြင်းပြင်းထန်ထန် ရုန်းကန်နေရတဲ့ အနေအထားကို ရောက်နေပါတယ် ။

မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးကတော့ ဂရေဟမ် ပေါ်တာဟာ အနာဂတ်မှာ ချဲလ်ဆီး အတွက် အောင်မြင်မှု ယူပေးနိုင်ကြောင်း သုံးသပ်ရင်း ၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အစဉ်အလာ ပိုကြီးမားတဲ့ ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ရဖို့ ရေပန်းစားနေကြောင်း ခန့်မှန်းသွားခဲ့ပါတယ် ။

Stake နဲ့ တွေ့ဆုံခဲ့ရာမှာ အဂွဲရိုး က ” ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီးကို ကိုင်တွယ်ဖို့ အချိန် ဒီလောက်ကြီး မရခဲ့ဘူး မဟုတ်လား ။ နောက်ပြီး သူဟာ ကစားသမား အဝင်အထွက် အများကြီး ဖြစ်တဲ့အချိန် ၊ အဓိက ကစားသမားတွေ ဒဏ်ရာ ပြဿနာ ခဏခဏ ဖြစ်တဲ့အချိန်တွေနဲ့ ကြုံထားရပါသေးတယ် ။ ”

” မေဂျာဖလား ပြိုင်ပွဲတွေကို တည့်တိုးကျော်ဖြတ်ဖို့ ဆိုတာ တစုံတယောက်က အကြံပေးတာလောက် မရိုးရှင်းနေပါဘူး ။ ကြီးကျယ်တဲ့ ရလဒ်တွေ စွမ်းဆောင်ပေးနိုင်ဖို့ သူ့ အတွက် အချိန် ပိုပြီးလိုပါတယ် ။ ဒါကို ဘရိုက်တန်မှာ သူ ဘာတွေလုပ်ပြခဲ့လဲ ဆိုတာနဲ့ ချိန်ဆကြည့်ရင် ကျွန်တော်တို့ သိနိုင်ပါမယ် ။ ”

” ချဲလ်ဆီးမှာ သူဟာ အဲလိုပဲ အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ဖို့ တနည်းနည်းနဲ့ ရှာဖွေ ကြံဆသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒီကွာတားဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ် က အနိုင်ရဖို့ ပိုပြီး အလေးသာနေပါတယ် ။ ကျွန်တော့ အနေနဲ့ အတိတ်နဲ့ လက်ရှိ ပစ္စုပ္ပန်က ရီးရဲလ်မက်ဒရစ်ကို လျစ်လျူရှုထားလို့ မရပါဘူး ။ ”

” ဒါပေမယ့် တကယ်တမ်း ပွဲအခြေအနေက ဘယ်လိုရှိလာမလဲ ဆိုတာ မသိရမချင်း ဒီအဆင့်က မပြီးဆုံးသေးပါဘူး ။ တခါတလေမှာ အသေးအဖွဲ အကျဆုံး အရာတွေက ကမ္ဘာတမျှ ကြီးမားတဲ့ ကွာခြားမှုကို ဖြစ်စေတတ်ပါတယ် ။ မက်ဒရစ်ဟာ ဒီလိုပွဲမျိုးတွေမှာ စစ်မှန်တဲ့ ရုန်းထမှုတွေ ပြနိုင်တာနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေက အတိုင်းသား ဖော်ပြနေပါတယ် ။ ”

” သူတို့ဟာ ဒီပြိုင်ပွဲရဲ့ အခက်ခဲဆုံး ပြိုင်ဖက် ဖြစ်ပါလိမ့်မယ် ။ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ကို ကျွန်တော် ဖော်ညွှန်းနေပေမယ့် ၊ ချဲလ်ဆီးဟာလည်း အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ ပြည့်နှက်နေတာပါ ။ သူတို့မှာ ဒီပြိုင်ပွဲကို လိုက်လျောညီထွေ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေး တချို့ ရှိပါတယ် ။ ဒါက ရီးရဲလ်မက်ဒရစ်ကို ချော်လဲအောင် လုပ်ကောင်းလုပ်နိုင်ပါတယ် ။ ”

” ဒီတော့ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ် အတွက် ချဲလ်ဆီးနဲ့ ရင်ဆိုင်ရတာက လွယ်ကူတဲ့ ပွဲတပွဲလို့ မမျှော်မှန်းထားပါဘူး ။ ဒါပေမယ့် မက်ဒရစ်က ဒီနေရာမှာ ကပ်ပြီး အနိုင်ရပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR