အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်ကို ဖြစ်မယ်လို့ ယုံကြည်မှု ရှိနေကြတဲ့ အီဝိုဘီ နှင့် ရမ်ဆေး

ဒီရက်ပိုင်း မှာ တောက်လျှောက် အတွေ့များနေတာကတော့ အာဆင်နယ် ကစားသမားဟောင်းတွေ ရဲ့ဒီရာသီ ချန်ပီယံ ရင်ခုန်သံ စကားတွေ ပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အိုဇေးလ် ၊ ဗန်ပါစီ နှင့် ကိုလိုတိုရေး တို့ဟာ ဂန်းနားတို့ ရာသီကုန်မှာ ချန်ပီယံ ဖြစ်ဖို့ကို မျှော်လင့် ထားကြောင်း အသီးသီး ပြောကြား ထားတာပါ ။

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးကနေ ဒုတိယနေရာက မန်စီးတီး အသင်းကို ၈ မှတ်အထိ ဖြတ်ထား နိုင်ပြီး ၂၀၀၃-၀၄ ခုနှစ်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို တစ်ကျော့ပြန် ပြန်လည် ရယူဖို့ အခြေအနေ ကောင်းနေပါတယ် ။

ဂန်းနား အကယ်ဒမီ ကနေ ထွက်ပေါ် လာပြီး အာဆင်နယ် အသင်းမှာ ဆယ်စုနှစ် တစ်စုကျော်ကြာ ကစားခဲ့တဲ့ အီဝိုဘီ ကလည်း The Beautiful Game Podcast မှာ အာဆင်နယ် အသင်း မန်စီးတီး ကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်မယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကို ” ဒါပေ့ါဗျာ ၊ ကျနော် ယုံကြည်မှု အပြည့် ရှိပါတယ် ၊ သူတို့ကို ချန်ပီယံ တကယ် ဖြစ်စေချင်ပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

အာရွန် ရမ်ဆေး ကလည်း Standard နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် က ကျနော် ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ရှိနေဆဲပါ ။ ကျနော် အာဆင်နယ် မှာ ၁၀ နှစ် ၊ ၁၁ နှစ် အချိန် ကုန်ဆုံး ခဲ့ပါတယ် ၊ သူတို့ ရှေ့ဆက် နိုင်ပွဲတွေ ရပြီး လိဂ်ချန်ပီယံ ဖြစ်စေချင်ပါတယ် ၊ ကျနော် ကလည်း တခြားသူတွေလိုပဲ အာဆင်နယ် ရဲ့ အမာခံ ပရိသတ် တစ်ဦးပါ ။ ”

” အသင်းက လက်ရှိ ကစားသမားတွေ အများအပြားနဲ့ သိသလို ဝန်ထမ်းတွေနဲ့လည်း ခုထက်ထိ ရင်းနှီး ပါတယ် ။ ပရိသတ်တွေ က ချန်ပီယံဆု နဲ့ ထိုက်တန်မှု ရှိသူတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဒါ့အပြင် ရမ်ဆေး က သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ လက်ရှိ နည်းပြ အာတီတာ ကိုလည်း ချီးကျူး သွားခဲ့ပါသေးတယ် ။

” သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ ၊ သူ့ရဲ့ ကိုယ်ကိုယ့်ကို ထိန်းကျောင်းနိုင်မှုက လုံးဝ ပြိုင်ဘက် ကင်းပါတယ် ။ သူ့ရဲ့တွေးခေါ်ပုံ၊ ပွဲတစ်ပွဲ အပေါ် အမြင် ၊ စိတ်အားထက်သန်မှုတွေကို မြင်ပြီး သူ တစ်နေ့တစ်ချိန်မှာ မန်နေဂျာ တစ်ဦး ဖြစ်လာမယ်ဆိုတာ ကျနော် ကြိုတွက်ထားခဲ့ပြီးသားပါ ။ ”

” သူ အာဆင်နယ် အသင်းမှာ အခု လုပ်ပြထားတဲ့ အရာတွေ ၊ အာဆင်နယ် အသင်း စွမ်းဆောင် ပြထားတဲ့ အရာတွေက တကယ့်ကို အံ့အားသင့်စရာ ကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM