မန်စီးတီးကို အနိုင်ရဖို့ အင်တာမီလန်တို့ ဘယ်လို ကစားကွက် ဆင်ရမလဲ ဆိုတာ အကြံပြုလာတဲ့ အာရက်ဂို ဆက်ချီ

ယခုအပတ် စနေနေ့ည တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့မှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်စီးတီးနဲ့ ကိုပါအီတာလီယာ ချန်ပီယံ အင်တာမီလန်တို့ ယခုနှစ် ဘောလုံးရာသီ နောက်ဆုံးအပိတ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို အကြိတ်အနယ် ဆင်နွှဲကြဖို့ ရှိပါတယ် ။

ဒီပွဲမတိုင်ခင် Treble ရဖို့ အလွန်နီးစပ်နေပြီး ကစားသမား အင်အားအရရော ၊ ခြေစွမ်းအရပါ အပြတ်အသတ် သာနေတဲ့ မန်စီးတီးကပဲ ၄င်းတို့ရဲ့ ကလပ်သမိုင်းတလျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဖလားကြီး ကိုင်မြှောက်သွားမယ်လို့ လူအများစုက ထင်မြင်ယူဆနေကြပါတယ် ။

သို့ပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ဟာ ရေပန်းစားတိုင်းလည်း ဗိုလ်မစွဲနိုင်ဘူးဆိုတာ မန်စီးတီးတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ၂၀၂၁ ဖိုင်နယ်က သက်သေထူနေပါတယ် ။ အင်တာဟာလည်း ၂၀၂၁ ဖိုင်နယ်မှာ underdog အဖြစ်နဲ့ မန်စီးတီးကို အလဲထိုးနိုင်ခဲ့တဲ့ ချဲလ်ဆီးကို အနည်းနဲ့ အများတော့ ထုံးနမူယူဖို့ လိုမှာ သေချာပါတယ် ။

အေစီမီလန်နဲ့ အီတလီ လက်ရွေးစင် နည်းပြဟောင်း ဖြစ်တဲ့ အာရစ်ဂို ဆက်ချီကတော့ ချန်ပီယံလိဂ်ဖိုင်နယ် အင်တာတို့အနေနဲ့ မန်စီးတီးကို တပွဲလုံး ခံစစ်အထိုင်နဲ့ ချဉ်းကပ်နေမယ်ဆိုရင် ဗိုလ်စွဲမှာ မဟုတ်ကြောင်း သုံးသပ်ရင်း ၊ ဘယ်လို နည်းစနစ်မျိုးနဲ့ ချဉ်းကပ်သင့်လဲ ဆိုတာ အခုလို အကြံပြုသွားခဲ့ပါတယ် ။

Lautaro Martinez of FC Internazionale and Romelu Lukaku of FC Internazionale celebrates the goal during the Serie A 2019/20 match between FC Internazionale vs SSC Napoli at the San Siro Stadium, Milan, Italy on July 28, 2020 – Photo Fabrizio Carabelli ! only BELGIUM !

La Gazetta Dello Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဆက်ချီ က ” ကျွန်တော်သာဆိုရင်တော့ ၂လုံးပြူးသေနတ် ယူလာမှာပါ ။ စတာပါဗျာ ။ ခင်ဗျား အနေနဲ့ စီးတီးလို တောင်ပံကစားသမား ၂ဦးနဲ့ အထောင်တိုက်စစ်မှူး တဦး တွဲဆော့တဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင် ၊ ဒီတိုက်စစ်မှာ မကြာခဏ ရှေ့လိုက်တက်တဲ့ ဒီဘရိုင်းကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ် ။ ”

” တချိန်တည်းမှာ အင်တာဖက်က ၅ယောက်တန်းခံစစ်မှာ Wing-back ၂ဖက်နဲ့ ခံစစ်မှူး ၃ယောက်ပါပါမယ် ။ ဒီလိုသာဆိုရင် အင်တာဖက်က ကွင်းလယ်မှာ မန်စီးတီးကို ဘယ်လိုမှ ယှဉ်မရတဲ့သဘော ရောက်သွားပါမယ် ။ ရှင်းနေပါတယ် ။ wing–back ၂ယောက်က ဂွာဒီယိုလာရဲ့ တောင်ပံ ၂ဖက်ကို ထိန်းပါမယ် ။ အဲဒီအချိန် ဟာလန်း တယောက်တည်းကို ခံစစ်မှူး ၃ယောက်က ထိန်းနေသလို ဖြစ်သွားပါမယ် ။ ”

” ခံစစ်မှူး ၃ယောက်ထဲက တယောက်က ဒီဘရိုင်း ၊ ဒါမှမဟုတ် တိုက်စစ်လိုက်တက်လာမယ့် တခြား ကစားသမား တယောက်ယောက်ကို မထိန်းနိုင်တာနဲ့ စီးတီးကွင်းလယ်က ကစားသမား ၁ယောက် သို့မဟုတ် ၂ယောက် အသာရနိုင်ပါတယ် ။ အဲဒီမှာ သူတို့ဟာ ပုံမှန် ကစားနေကျ ဘောလုံးပိုင်ဆိုင်မှု အခြေခံတဲ့ ပုံစံနဲ့ ဆက်လက် ထိုးဖောက်ပါမယ် ။ ”

” လက်တွေ့မှာ သုံးနေတာက ၅-၃-၂ ကစားကွက် ဖြစ်ပြီး ဆီမြွန်နီ အင်ဇာဂီရဲ့ ခံစစ်ဟာ ၅ယောက်တန်းပါ ။ ၃ယောက်တန်း မဟုတ်ပါဘူး ။ အဲဒီတော့ ကစားကွက် တည်တဲ့အခါ ၊ press မြင့်မြင့် လုပ်တဲ့အခါ ခင်ဗျားမှာ အရည်အသွေး ကျသွားတာတွေ ရှိလာပါမယ် ။ ”

” ဒါပေမယ့် အင်တာကိုက press နည်းနည်းပဲ လုပ်တတ်တာကြောင့် သူတို့ဟာ ခံစစ်အသားပေး ၊ တန်ပြန်တိုက်စစ်နဲ့ ခပ်မြန်မြန် တုန့်ပြန်မယ့် နည်းစနစ်ချဉ်းကပ်မှုမျိုးပဲ လုပ်လာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပြိုင်ဖက်ကို သေချာပေါက် အနိုင်ကစားလို့ ရတဲ့ ကစားကွက်ဆိုတာမျိုး သီးသန့် မရှိပါဘူး ။ ”

” ခင်ဗျားမှာ ပြင်းပြတဲ့ ဆန္ဒ ၊ မြင့်မားတဲ့ အသင်းလိုက် စိတ်ဓာတ်ခံယူချက် ၊ တဦးချင်းရော ၊ အသင်းလိုက် အရည်အသွေးနဲ့ပါ ပွဲအပေါ် လွှမ်းမိုးနိုင်မှုတွေ ရှိရပါမယ် ။ အင်တာဟာ တန်ပြန်တိုက်စစ် ကောင်းကောင်းလုပ်နိုင်ပါတယ် ။ ”

” ဒီတော့ ကိုယ်အားသာတဲ့ လက်နက်ကိုပဲ အသုံးချပြီး ၊ အင်္ဂလိပ်တွေကို င်္ဒီအရှိန်အားတွေနဲ့ ကြောက်ရွံ့အောင် လုပ်ရပါမယ် ။ ဒါမှ သူတို့ နည်းနည်းပါးပါး တုန်လှုပ်လာမှာ ဖြစ်သလို ၊ လိုချင်သလို လွတ်လွတ်လပ်လပ် ကစားခွင့် မပေးရာလည်း ရောက်ပါတယ် ။ ”

” အင်တာသာ ကျစ်လျစ်ခိုင်မာမှုရှိတဲ့ press မျိုး လုပ်နိုင်ရင် ၊ ဂွာဒီယိုလာရဲ့ တောင်ပံ ကစားသမားတွေနဲ့ အထောင်တိုက်စစ်မှူးဟာ အခွင့်အရေး သိပ်ရလာမှာ မဟုတ်ပါဘူး ။ တဖက်မှာ ခင်ဗျားဟာ ဘောလုံးပိုင်ဆိုင်မှုကို စီးတီးကို ပေးထားပြီး ဟာလန်းကို အခွင့်အရေးတွေ အများကြီး ပေးမိရင်တော့ ဒါက အရမ်း ခွင့်မလွှတ်နိုင်စရာ ဖြစ်လာမှာပါ ။ ”

” ကွင်းလယ်နဲ့ ခံစစ် တည်ဆောက်ပုံမှာ လုပ်အားအများကြီး စိုက်ထည့်ဖို့ လိုပါမယ် ။ ဟာလန်းဟာ နေရာလွတ်တွေကို တိုက်စစ်ဆင်တဲ့နေရာမှာ အရမ်းတော်ပါတယ် ။ ခံစစ်မှာချည်း မိနစ် ၉၀လုံးလုံး နေနေတာက အန္တရာယ် အရမ်းများနိုင်ပါတယ် ။ တနည်းမဟုတ် တနည်း သူတို့ဟာ ဂိုးသွင်းဖို့ နည်းလမ်းကို အမြဲ ရှာတွေ့တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR