လီယွန်နယ် မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ကို ပြောင်းရွှေ့မယ့် အကြောင်းအတည်ပြုမှု အင်တာဗျူး အပြည့်အစုံ

“ကျွန်တော် အင်တာမိုင်ယာမီ ကို ပြောင်းရွှေ့မှာပါ ။ ဒီဆုံးဖြတ်ချက် က ၁၀၀% အတည်ပါပဲ ။ ကိစ္စလေး နည်းနည်း ပါးပါးတော့ လုပ်ဖို့ ကျန်ပါသေးတယ် ။ ဒါပေမယ့် ဒါက တကယ်ဖြစ်လာတော့မှာပါ”

 

“တကယ်လို့သာ ငွေက အဓိက ကျခဲ့တယ်ဆိုရင် ဆော်ဒီ ဖြစ်ဖြစ် တနေရာရာကို ဖြစ်ဖြစ် ကျွန်တော် ရွေးချယ်မှာပါ ။ သူတို့ ( ဆော်ဒီ ) ကမ်းလှမ်းတဲ့ ငွေက ကျွန်တော့ အတွက် အရမ်းကို များပြားတဲ့ ပမာဏပါပဲ ။ ဒါပေမယ့် ကျွန်တော့ ရဲ့ ဆုံးဖြတ်ချက် က ငွေကြောင့် မဟုတ်ခဲ့ဘူး ဆိုတာကတော့ အမှန်တရားပါပဲ”

 

“တခြား ဥရောပကလပ်တွေဆီက ကမ်းလှမ်းမှုတွေ ရခဲ့ပါတယ် ။ ဒါ အမှန်ပါပဲ ။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးဖို့တောင် စိတ်ကူး မရှိခဲ့ပါဘူး ။ ဘာလို့လည်းဆိုတော့ ဘာစီလိုနာ ဟာ ဥရောပမှာ ကျွန်တော် သွားချင်တဲ့ တခုတည်းသော နေရာဖြစ်ခဲ့လို့ပါ”

 

“လာလီဂါ က ကျွန်တော် ပြန်လာဖို့ တတ်နိုင်သလောက် လုပ်ပေးခဲ့တယ် ၊ ဘာစီလိုနာ ကလည်း အစွမ်းကုန် ကြိုးစားနေတယ်ဆိုတာတွေကို ကြားမိပါတယ် ။ ကျွန်တော့ကို ထည့်နိုင်ဖို့ အသင်းက ကစားသမားတွေကို ရောင်းထုတ်ဖို့ ၊ လစာတွေ လျော့ယူခိုင်းဖို့ လုပ်နေတာတွေလည်း တွေ့မိပါတယ် ။ အမှန်အတိုင်း ပြောရရင် ဒီလိုပုံစံမျိုးကြီးနဲ့တော့ ကျွန်တော် မပြန်သွားချင်ပါဘူး”

 

“ဒီဘက်နှစ်တွေမှာ ဘာစီလိုနာ ကို ပရိသတ် တယောက်အနေနဲ့ အားပေးခဲ့ပါတယ် ။ ဇာဗီ နဲ့လည်း စကားတွေ အများကြီးပြော ၊ အများကြီး ဆွေးနွေးခဲ့ပါတယ် ။ အင်နီယေစတာ ၊ ဘူစီ ၊ ဂျော်ဒီ တို့အတွက် လုပ်ပေးတဲ့ ပွဲတွေ ကိုလည်း သဘောကျခဲ့ပါတယ် ။ ကျွန်တော့ နာမည်ကို ပရိသတ်တွေ အော်ဟစ်ခဲ့ကြတာတွေ ကလည်း မမေ့နိုင်စရာပါပဲ”

 

“ဒါပေမယ့် အခု အချိန်မှာ မိသားစု အတွက် ပိုပြီး စဉ်းစားရပါတော့မယ် ။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာ ကျွန်တော့ မိသားစု အတွက် အဆင်မပြေခဲ့ပါဘူး”

 

“ဒီမှာနဲ့ ကွဲပြားတဲ့ ပုံစံနဲ့ နေထိုင်ရှင်သန်ဖို့ ၊ ဘောလုံးကစားဖို့ ၊ နေ့စဉ် နေ့တိုင်း ပျော်ရွှင်ရဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ အမေရိကကို ရွေးချယ်ခဲ့တာပါ ။ တာဝန်ယူမှုတွေ ၊ အနိုင်ရလိုစိတ်တွေ ကတော့ အရင် အတိုင်းပါပဲ ။ ဒါပေမယ့် ပိုပြီး တည်ငြိမ်တဲ့ ပုံစံမျိုးနဲ့ပေါ့”

 

“ကျွန်တော် ပြန်လာနိုင်ဖို့ ဘာစီလိုနာ က တတ်နိုင်သမျှ အစွမ်းကုန် လုပ်နေသလားဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ အရိုးသားဆုံး ပြောရရင် ဒီအကြောင်းတွေကို ဇာဗီ ပြောသမျှ ပဲ သိခဲ့ရတာပါ ။ အသင်းထဲမှာ ကျွန်တော့ ကို ပြန်မလာစေချင်တဲ့သူတွေ ၊ ကျွန်တော် ဟာ အသင်းအတွက် အကျိုးသက်ရောက်မှု မရှိတော့ဘူးလို့ ထင်တဲ့သူတွေ ရှိနေတာကိုတော့ သေချာပေါက် ကျွန်တော် ပြောနိုင်ပါတယ်”

 

“ကျွန်တော့ဘဝရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ် ။ ဒါကြောင့် ဘာစီလိုနာကို ပြန်မသွား ခဲ့တာပါ ။ ကျွန်တော် ချစ်ပေမယ့် ၊ ကျွန်တော် ပြန်သွားချင်ပေမယ့် ၊ မဖြစ်နိုင်ခဲ့တဲ့ အရာပေါ့လေ”

Leo Messi

 

SPORTS MYANMAR