နံနက်ခင်း အားကစားသတင်းများ

ရီးရဲမက်ဒရစ် နဲ့ လမ်းခွဲ သွားတဲ့ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ ဆော်ဒီ ကလပ် အယ်လ် အစ်တီဟတ် အသင်းထံ ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။
ဘန်ဇီးမား ဟာ ဆော်ဒီလိဂ် ကလပ် နဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး တနှစ်ကို ယူရို သန်း ၂၀၀ အထိ လုပ်ခ ရရှိမှာပဲ ဖြစ်ပါတယ် ။

ဆော်ဒီလိဂ် ဟာ နောက်ထပ် ကစားသမားကောင်းတွေကို ဆက်လက် ခေါ်ယူဖို့ ကြိုးစားနေပြီး မာဆေး တိုက်စစ်မှူး အလက်ဆစ် ဆန်းချက် ကိုလည်း ဆက်သွယ် ချိတ်ဆက်နေပါတယ် ။

ဆော်ဒီလိဂ် ကိုယ်စားလှယ်တွေ ဟာ မနေ့က လန်ဒန် မှာ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပြီး ပြင်သစ် ကွင်းလယ်လူ ကို အယ်လ် အစ်တီဟတ် သို့မဟုတ် အယ်လ်နက်ဆာ အသင်းတွေဆီ လာရောက် ကစားဖို့ ကမ်းလှမ်းခဲ့ပါတယ် ။
အခု နောက်ဆုံး အခြေအနေအရ ကန်တီ ဟာ တနှစ်လုပ်ခ ယူရို သန်း ၁၀၀ ရရှိမယ့် အခွင့်အရေးကို လက်ခံဖွယ် ရှိနေပြီး ဘန်ဇီးမား ရဲ့ အယ်လ် အစ်တီဟတ် ကို ရွေးချယ်ဖို့ များတယ်လို့ သိရပါတယ် ။

အယ်လ်နက်ဆာ ဟာ ပဲလေ့စ် တောင်ပံ ကစားသမား ဝီလ်ဖရိုက် ဇာဟာ ကိုလည်း တနှစ် ပေါင် ၄၅ သန်း နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဇာဟာ ဘက်က ငြင်းပယ်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် အသင်းကတော့ ဘရာဟင် ဒီယာ့ဇ် ကို လာမယ့် ရာသီကစပြီး အသင်းမှာ ထည့်သွင်း ကစားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ ဘရာဟင် ဒီယာ့ဇ် ဟာ ရီးရဲ နဲ့ ၂၀၂၇ အထိ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး ဝါရင့် နောက်ခံလူ နာချို ဖာနန်ဒက်စ် ကိုလည်း စာချုပ်သစ် ကမ်းလှမ်းမယ်လို့ သိရပါတယ် ။ နာချို ဟာ ဘန်ဇီးမား ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ခံဖွယ် ရှိတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂါနာ အသင်းနဲ့ ခြေစွမ်းပြ ခဲ့တဲ့ နယ်သာလန်ကလပ် အိုင်ယက်စ် တိုက်စစ်မှူး မိုဟာမက် ကူဒက်စ် ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ စိတ်အား ထက်သန်နေပြီး နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ်တို့က ကူဒက်စ် ရဲ့ သတင်းကို စောင့်ကြည့် နေကြတယ်လို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ရဲ့ အာဂျင်တီးနား ကွင်းလယ်လူ ဒီမာရီယာ ဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ် ။ ဒီမာရီယာ ကို အသင်းဟောင်း ဘင်ဖီကာ က ပြန်လည် ခေါ်ယူဖို့ ကမ်းလှမ်းထားသလို ဆော်ဒီ ကလပ်တွေ ကလည်း ချိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းကတော့ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက် ရရှိ အပြီးမှာ လူငယ် ကြယ်ပွင့်လေး ဂါဘီ ကို စီနီယာ အသင်းသား အဖြစ် တရားဝင် မှတ်ပုံတင်နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဂါဘီ ဟာ ဘာစီလိုနာ နဲ့ ၂၀၂၆ အထိ သက်တမ်း ရှိမယ့် စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ ဟာလည်း အသက်ဝင်သွားခဲ့ပြီ ဖြစ်ပါတယ် ။

PSG အသင်း ကတော့ နည်းပြ ခရစ်စတိုဖီ ဂယ်လ်တီယာ နဲ့ လမ်းခွဲ လိုက်ပါပြီ ။ လက်ရှိမှာတော့ ဘိုင်ယန်မြုးနစ် နည်းပြဟောင်း ဂျူလီယံ နယ်ဂျယ်စမန်း က နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ် ။
PSG ဟာ မိုချန်ဂလာဘတ် တိုက်စစ်မှူး မားကပ်စ် သူရမ် ကို လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ သူရမ် ကို အေစီမီလန် ကလည်း စိတ်ဝင်စားနေပေမယ့် အားကစား ဒါရိုက်တာ အသစ် ခန့်အပ်ပြီးမှသာ ချိတ်ဆက်မှု ပြုလုပ်ဖွယ် ရှိနေပါတယ် ။ မီလန် ဟာ ဒါရိုက်တာ မာဒီနီ ကို ထုတ်ပယ် အပြီးမှာ ချဲလ်ဆီး ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်ချိ နဲ့ ဆွေးနွေးမှုတွေကိုလည်း ခေတ္တ ရပ်နားထားတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ အငှားစာချုပ်ပြည့်သွားတဲ့ ဂိုးသမား ဂျက် ဘတ်လန်း ဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းကို သွားရောက် ကစားတော့မယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် ဟာ ဘိုင်ယန်မြုးနစ် ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာ ရဲ့ အခြေအနေကို စောင့်ကြည့် နေပြီး အသင်း အကြီးအကဲတွေ ၊ နည်းပြတွေနဲ့ အဆင်မပြေမှုတွေ ရှိနေတဲ့ ဂျာမန်သားကို အငှားနဲ့ ဖြစ်စေ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။
မနှစ်က ရာသီဝက်တုန်းက အငှား ခေါ်ယူခဲ့တဲ့ ဘိုင်ယန် ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာ ကိုတော့ အပြီးသတ် ဝယ်ယူဖို့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ် ။

ဘရိုက်တန် ဟာ ချဲလ်ဆီး လူငယ်လေး လီဗီ ကိုဝဲလ် အတွက် ပေါင် သန်း ၄၀ နဲ့ နောက်တကြိမ် ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ ကြားသိရ ပါတယ် ။ ဘရိုက်တန် ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက သန်း ၃၀ နဲ့ ကမ်းလှမ်း ထားခဲ့ပြီး ချဲလ်ဆီး ဘက်က ငြင်းပယ်ထားခဲ့ ပါတယ် ။ အကယ်၍ ဒီအပြောင်းအရွှေ့သာ ဖြစ်လာခဲ့ပါက လီဗီ ကိုဝဲလ် ဟာ ဘရိုက်တန် ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာတော့မှာပါ ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ ဥရောပ စူပါလိဂ် အဖွဲ့ကနေ တရားဝင် နှုတ်ထွက်ဖို့ စတင် လုပ်ဆောင် နေပြီလို့ သိရ ပါတယ် ။ လက်ရှိမှာ ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ယူဗင်တပ် တို့ ၃ သင်းသာ ဒီအဖွဲ့ထဲမှာ ကျန်ရှိတော့တာ ဖြစ်ပြီး ယူဗင်တပ် ထွက်ခွာပါက ရီးရဲ နဲ့ ဘာဆာ တို့သာ ကျန်ရှိတော့မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR