နံနက်ခင်း အားကစား သတင်းများ

စပိန် လာလီဂါ နဲ့ အီတလီ စီးရီးအေ တို့ရဲ့ ရာသီပိတ် ပွဲစဉ်တွေကို မနေ့ညက ကစားခဲ့ကြပါတယ် ။
စီးရီးအေ မှာတော့ ရိုးမား ဟာ စပီဇီယာ အသင်းကို ၂-၁ နဲ့ အနိုင်ကစားပြီး ယူရိုပါလိဂ် ဝင်ခွင့်ကို ရရှိခဲ့ ပါတယ် ။
ရိုးမား တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလား ရဲ့ မိနစ် ၉၀ ပင်နယ်တီ ဂိုးဟာ ယူဗင်တပ် အသင်းကို ယူရိုပါ ကွန်းဖရင့်စ်လိဂ် ကို သွားရောက် ကစားရဖို့ ဖြစ်လာစေခဲ့ ပါတယ် ။

နာပိုလီ ကတော့ စီးရီးအေ ဖလားနဲ့ အောင်ပွဲခံသွားခဲ့ ပါတယ် ။ လာဇီယို က အဆင့် ၂ ၊ အင်တာမီလန် က အဆင့် ၃ ၊ အေစီမီလန် က အဆင့် ၄ တွေနဲ့ ရာသီပိတ်သိမ်း ခဲ့ကြပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ရော ရီးရဲမက်ဒရစ် ပါ ရာသီပိတ် ပွဲစဉ်တွေကို အနိုင်မရခဲ့ကြဘဲ အဆင့် ၁ ၊ အဆင့် ၂ နေရာတွေနဲ့ ပြီးဆုံးခဲ့ကြပါတယ် ။
ဘာစီလိုနာ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ ပင်နယ်တီ ဂိုး မပါဘဲ ရွှေဖိနပ်ဆု ရရှိသူ ဖြစ်လာခဲ့ပြီး ရီးရဲမက်ဒရစ် ကတော့ အသင်းကနေ ထွက်ခွာကြတော့မယ့် ဘန်ဇီးမား ၊ ဟာဇက် ၊ အဆန်စီရို နဲ့ မာရီယာနို တို့ကို နှုတ်ဆက် ဂုဏ်ပြုခဲ့ကြပါတယ် ။

အက်စ်ပန်ညို ၊ ဗယ်လာဒိုးလစ် နဲ့ အယ်လ်ချီ အသင်းတို့ လာလီဂါ ကနေ တန်းဆင်း သွားခဲ့ကြရပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် အတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး မကြာခင်မှာ ပြီးမြောက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ နာပိုလီ ခံစစ်မှူး ကင်မင်ဂျေး ရဲ့ စာချုပ်ဖျက်သိမ်းကြေး ( ယူရို သန်း ၆၀ ) စတင် အသက်ဝင်မယ့် ဇူလိုင်လ ကို စောင့်ဆိုင်းနေပြီး ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ် ။

ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒို ကလည်း အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။
အာဆင်နယ် ဟာ နယ်သာလန် ကလပ် ဖီယင်နော့ စတား အော်ကွန် ကိုကူ ကိုလည်း စောင့်ကြည့်နေပြီး ကွင်းလယ်လူ ရှာကာ ရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ ဆဲလ်တစ် နည်းပြ ပိုစတီကို ဂလူး ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နီးစပ်မှု ရှိနေပြီလို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး နဲ့ အာဆင်နယ် တို့ ရင်ဆိုင်ကြမယ့် ရာသီသစ် အဖွင့် ကွန်မြူနတီဒိုင်း ပွဲစဉ်ကို သြဂုတ်လ ၆ ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရှိရ ပါတယ် ။

SPORTS MYANMAR