အာဆင်နယ် အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေမယ့် ကစားသမားကို ခေါ်ဖို့ တိုက်တွန်းလိုက်တဲ့ ဝီလ်ရှိုင်းယား

အာဆင်နယ် ယူ၁၈ အသင်း ရဲ့နည်းပြ အဖြစ် တာဝန်ယူ နေတဲ့ ဂျက်ဝီလ်ရှိုင်းယား က လာမယ့် နွေရာသီမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို အရ ခေါ်ယူ သင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။ ဂျက် ဝီလ်ရှိုင်းယား က PA News agency မှာ ” သူ က အရာအားလုံး ကို လုပ်နိုင်စွမ်း ရှိတဲ့ ကွင်းလယ် ကစားသမား တစ်ဦးပါ ။ ပရိသတ်တိုင်းကတော့ သူအားပေးတဲ့ အသင်းမှာ ရိုက်စ် ကို မြင်ချင်ကြမှာပါပဲ ။ ”

” မြောက်လန်ဒန် ကလပ် အာဆင်နယ် ကို အားပေးတဲ့ ပရိသတ် တစ်ဦး အနေနဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောရမယ်ဆိုရင် သူက အာတီတာ လက်အောက်မှာဆို အတော်လေး ကောင်းလာမယ့် ကစားသမားပါ ။ မီခေးလ် က သူ့ကို ပိုမို တိုးတက်အောင် သူ့ဆီက ကြီးမားတဲ့ အရည်အသွေးတွေ ထွက်ပေါ် လာအောင် လုပ်ပေးနိုင်သူပါ ဎ သူ ဘယ်အသင်းကို ရောက်မလဲ ကျနော် စိတ်လှုပ်ရှားမှု အပြည့်နဲ့ စောင့်ကြည့် နေပါတယ် ။ အာဆင်နယ် ဖြစ်ဖို့လည်း မျှော်လင့်ပါတယ် ၊ သူ့ကို သာ ခေါ်နိုင်ရင် အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ် ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဝီလ်ရှိုင်းယား နှင့် ဒီကလန်ရိုက်စ် တို့ဟာ ဝက်စ်ဟမ်း အသင်းမှာ အတူ တွဲကစားခဲ့ဖူးကြသူတွေ ဖြစ်ပြီး ရင်းနှီး ချစ်ခင်တဲ့ ဆက်ဆံရေး ရှိတဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြတယ်လို့ Daily Mail က ဆိုပါတယ် ။ Daily Mail က ဝီလ်ရှိုင်းယား ဟာ အာဆင်နယ် အသင်းထံ ရိုက်စ် ရောက်လာအောင် ကူညီပေးနိုင်လိမ့်မယ်လို့လည်း ရေးသားထားပါတယ် ။

ရိုက်စ် ကိုယ်တိုင်ကလည်း က ပြီးခဲ့တဲ့ နှစ်တွေတုန်းက အင်တာဗျုး တစ်ခုမှာ ” ၂၀၁၀ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မက်ဆီ နဲ့ ဝီလ်ရှိုင်းယား တို့ ထိပ်တိုက်တွေ့တဲ့ ပွဲကို ကြည့်ပီး ကျနော် ကြီးပြင်း လာခဲ့တာပါ ။ သူ အဲ့တုန်းက ငယ်ငယ်လေးပဲ ရှိသေးပေမယ့် တကယ့်ကို ထူးရှယ် စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ပါတယ် ၊ ဂျက် က ကျနော့်အတွက်တော့ ထိပ်တန်း ကစားသမားပါပဲ ။ ”

” သူ ဝက်စ်ဟမ်း မှာ လာကစားတော့ အံ့အားသင့်ဖို့ ကောင်းလောက်အောင် တရင်းတနှီး ရှိသွားကြပါတယ် ။ ကျနော်တို့ နှစ်ယောက် လုံးဝ ကို ငယ်ပေါင်း ကြီးဖော်တွေ ဖြစ်သွားခဲ့တာပါ ၊ သူက ကျနော့်ရဲ့ အကောင်းဆုံး သူငယ်ချင်း ပါပဲ ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။

အင်္ဂလန် လက်ရွေးစင် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ နိုင်ငံ အသင်းဖော်တွေ ချန်ပီယံလိဂ် ကစားနေကြတာကို မြင်ရတဲ့ အခါမှာ မနာလို ဖြစ်မိကြောင်း ဝန်ခံထားပြီး အသင်း ပြောင်းဖို့ ကို နွေရာသီ မှာ စဉ်းစား ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။ ဒါကြောင့် ရိုက်စ် ရဲ့ အသင်းသစ်ဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်း ဖြစ်ဖို့ များနေပါတယ် ။

အာဆင်နယ် အသင်းဟာ အသက် အရွယ် ကြီးရင့်လာတဲ့ ပါတေး နှင့် ရှာကာတို့ နေရာ အစားထိုးဖို့ရာ ကွင်းလယ်လူ ခေါ်ယူ လိုနေပြီး ရိုက်စ် ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရိုက်စ် နဲ့ ပတ်သက်ပြီး စုံစမ်း ဆက်သွယ်မှုတွေတောင် လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

သတင်းတွေ အရတော့ ရိုက်စ် ဟာ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် အာဆင်နယ် နဲ့ ချဲလ်ဆီး မှာ အခွင့်အရေးများနေပါတယ် ၊ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ သူတို့ရဲ့ ပစ်မှတ် ဖီးလစ် ၊ မူဒရစ် တို့ နှစ်ဦးကို ချဲလ်ဆီး အသင်းထံ လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်းထက်စာရင် ရိုက်စ် ကို ကာလရှည်ကြာ စိတ်ဝင်စား နေခဲ့တဲ့ အသင်းပါ ။ အာဆင်နယ် အသင်းကတော့ ဝက်စ်ဟမ်း ဘက်က သတ်မှတ်မယ့် ဈေးဟာ လာမယ့် နွေရာသီ တုန်းကထက်စာရင် ပိုပြီး လက်တွေ့ဆန်တာကြောင့် ရိုက်စ် ကို စိတ်ဝင်စား လာခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဒေးဗစ်မိုယက်စ် ကတော့ ရိုက်စ် ကို ဈေးလျှော့ပေးဖို့ မရှိဘူးလို့ ဆိုထားပြီး ဒီဇန်နဝါရီ မှာ ဖြစ်ပေါ် ခဲ့တဲ့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ် ရဲ့ ပြောင်းရွှေ့ကြေး ထက် ပိုများတဲ့ ပမာဏ နဲ့ ကမ်းလှမ်းဖို့ လိုတယ်လို့ ပြောကြား ထားပါတယ် ။

SM