စပါးမှာ သူ့ကို အခွင့်အရေး မပေးခဲ့တဲ့ ပိုချက်တီနိုနဲ့ ပြန်ဆုံရမယ့် အပေါ် မှတ်ချက်ပေးလာတဲ့ ချဲလ်ဆီး စတား

ချဲလ်ဆီး အသင်းဟာ ၄င်းတို့ရဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်း တလျှောက် အဆိုးရွားဆုံး ဘောလုံးရာသီကို မနေ့က နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲမှာ တဖက် တဂိုးစီ သရေ ကစားပြီး ပိတ်သိမ်းနိုင်ခဲ့ပါတယ် ။ အနည်းဆုံးတော့ ချဲလ်ဆီး ပရိသတ်တွေဟာ ဒီရာသီကို မေ့ပစ်ပြီး နောက်ရာသီ အကြောင်း နောက်ဆံတင်းစရာမလိုပဲ တွေးလို့ရသွားပြီ ဖြစ်ပါတယ် ။

မကြာခင်မှာ ချဲလ်ဆီးဖက်က မော်ရစ်စီယို ပိုချက်တီနိုကို တရားဝင် နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း ကြေညာတော့မှာ ဖြစ်တာကြောင့် အခြား အသင်းတွေထက် ခြင်္သေ့ပြာတို့ဟာ ဒီနွေတတွင်း အလုပ်တွေ ပိုပြီး တန်းစီလုပ်ရဖို့ ရှိနေပါတယ် ။

ပိုချက်တီနို အထင်ကြီး လေးစားအောင် ရာသီကြို ပြင်ဆင်မှုမှာ သူ့ထက်ငါ ကြိုးစားကြမယ့် ကစားသမားတွေလည်း ဒုနဲ့ဒေး ရှိနေရာ ၊ ထိုအထဲမှာ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒါဟာ ၄င်းအဖို့ တော့တင်ဟမ်တုန်းက နည်းပြဟောင်းနဲ့ တကျော့ပြန် ထပ်မံ ဆုံတွေ့ရခြင်းလည်း ဖြစ်ပါတယ် ။

မက်ဒူးကီဟာ တော့တင်ဟမ် အကယ်ဒမီမှာ ၄နှစ်ကြာ ဖြတ်သန်းဖူးပေမယ့် ၊ ပိုချက်တီနိုဟာ ယင်းမြောက်လန်ဒန်ကလပ်မှာ ရှိစဉ် မက်ဒူးကီကို စီနီယာအဆင့်ဆီ ခေါ်တင်ခဲ့ခြင်း မရှိပါဘူး ။ ထို့နောက် ၄င်းဟာ ပီအက်စ်ဗွီသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၊ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ချဲလ်ဆီးကို ယူရိုသန်း ၃၀ဝန်းကျင်နဲ့ ရောက်လာတာ ဖြစ်ပါတယ် ။

မနေ့က ပွဲပြီး အင်တာဗျူးမှာ မက်ဒူးကီ က ” သူဟာ မန်နေဂျာကောင်း တဦး ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ကမ္ဘာတလွှားက အသင်းကြီးတွေဆီ ရောက်ခဲ့ဖူးပြီး ၊ ပရီးမီးယားလိဂ်မှာလည်း ကြီးကျယ်တဲ့ အောင်မြင်မှု ရခဲ့ဖူးပါတယ် ။ သူနဲ့ အတူ အလုပ်လုပ်ရဖို့ ၊ သူ့ဆီကနေ သင်ယူလေ့လာဖို့ ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မက်ဒူးကီ က ” အတူတကွ ပြန်ဖြစ်အောင် စုစည်းဖို့ ၊ လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ပဲ လိုပါတယ် ။ လာမယ့်ရာသီမှာ ကျွန်တော်တို့ အခြေခံအရာတွေဆီ ပြန်သွားရမယ်လို့ ထင်ပါတယ် ။ မန်နေဂျာသစ် ရောက်လာတဲ့အခါ အသင်းသားတိုင်း သူ့နောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုပါတယ် ။ ”

BOURNEMOUTH, ENGLAND – MAY 06: Head Coach Frank Lampard with Noni Madueke of Chelsea after their sides 3-1 win during the Premier League match between AFC Bournemouth and Chelsea FC at Vitality Stadium on May 06, 2023 in Bournemouth, England. (Photo by Robin Jones – AFC Bournemouth/AFC Bournemouth via Getty Images)

” ချဲလ်ဆီး အသင်း အောင်မြင်ဖို့ အတွက်ဆိုရင် သူ လိုချင်တဲ့ ပုံစံအတိုင်း ကျွန်တော်တို့ လေ့ကျင့်ရပါမယ် ။ ဒီပိုင်ဆိုင်ထားတဲ့ ကစားသမားအင်အား ၊ အရည်အသွေးတွေနဲ့ ကျွန်တော်တို့ အနေနဲ့ ဘာမှ မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ မနေ့ကပဲ ယာယီ caretaker မန်နေဂျာ အဖြစ်ကနေ နှုတ်ဆက်ခဲ့တဲ့ လမ်းပတ် က ပိုချက်တီနိုနဲ့ ပတ်သက်ပြီး ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ” ကျွန်တော်ဟာ ပိုချက်တီနိုရဲ့ ပရိသတ် တဦးပါ ။ သူဟာ အရမ်းတော်တဲ့ မန်နေဂျာ တဦး ဖြစ်ပါတယ် ။ ဒါပေမယ့် ဒါက ဘယ်ပုဂ္ဂိုလ် တဦးတယောက် အကြောင်းနဲ့မှ သက်ဆိုင်တာမျိုး မဟုတ်ပါဘူး ။ ”

” ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့နဲ့ပဲ သက်ဆိုင်ပါတယ် ။ အရည်အသွေးမြင့် မန်နေဂျာ တဦးကို ခေါ်ယူခန့်အပ်တာမျိုးပေါ့ ။ ပိုချက်တီနိုရဲ့ အလုပ်နောက်ခံသမိုင်းကြောင်းက သူဟာ ဒီလို ထိပ်တန်းအဆင့် ကလပ်တွေနဲ့ အတူ အလုပ်လုပ်နိုင်ကြောင်း သက်သေခံနေပါတယ် ။ ဒီတော့ သူတို့ ( ပိုချက်တီနိုရဲ့ နည်းပြ အဖွဲ့ ) ကို ဒီကစားသမားတွေနဲ့ အလုပ်လုပ်ခွင့်ပေးပြီး ၊ ဒီကနေတဆင့် ကျစ်လျစ်တဲ့ ကိုယ်ပိုင်ဟန် တခု တည်ဆောက်နိုင်အောင် ၊ နိုင်ပွဲတွေ ရအောင် လုပ်ရပါမယ် ။ ”

” ဒီလို အရာတွေဟာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်မျှော်မှန်းချက်တွေကို နည်းနည်းလောက် ဘရိတ်အုပ်ထားဖို့ လိုပါမယ် ။ လုပ်စရာ အလုပ်တွေက အများကြီးကို ကျန်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR