ချဲလ်ဆီး တရားဝင် နည်းပြသစ် ဖြစ်လာတော့မယ့် ပိုချက်တီနိုထံ နောက်ဆုံး အကြံပြု မက်ဆေ့ခ်ျပေးသွားတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့က ရာသီပိတ် နောက်ဆုံးပွဲမှာ ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခု နောက်ပိုင်း ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရထားတဲ့ နယူးကာဆယ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တဖက် တဂိုးစီ သရေ ကစားကာ ရာသိမ်းနိုင်ခဲ့ပါတယ် ။

ဒီပွဲဟာ ယာယီ caretaker မန်နေဂျာ ဖရန့် လမ်းပတ်နဲ့ လာမယ့် နွေရာသီ စျေးကွက်မှာ အသင်းပြောင်းဖို့ အလားအလာ အရမ်းများနေတဲ့ ကစားသမားအချို့ အတွက် ပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်ခဲ့ခြင်းလည်း ဖြစ်ပါတယ် ။

တချိန်တည်းမှာ ချဲလ်ဆီးဟာ ယနေ့ သို့မဟုတ် မနက်ဖြန်မှာ လာမယ့် ဘောလုံးရာသီ အတွက် နည်းပြသစ် အဖြစ် တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို ၃နှစ် စာချုပ်နဲ့ ခေါ်ယူခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားဖို့ ရှိပါတယ် ။

မနေ့ကတော့ နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာဏနိုနဲ့ အခြားသော ဗြိတိန်သတင်းဌာနတွေက ပိုချက်တီနိုဟာ ချဲလ်ဆီးနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ် ။ ဒီတော့ official ဖြစ်တာနဲ့ ပိုချက်တီနိုဟာ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဘယ်ကစားသမားတွေကို ဆက်ထားမလဲ ၊ ဘယ်ကစားသမားတွေကို ရောင်းထုတ်မလဲ ဆိုတာ ဆုံးဖြတ်ချက်ချဖို့ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က သူ့နေရာကို ဆက်ခံမယ့် ပိုချက်တီနို အနေနဲ့ ဖောင်းကားနေတဲ့ ချဲလ်ဆီး ကစားသမားစာရင်းကို အခုအချိန်က စပြီး ကိုင်တွယ် စီမံခန့်ခွဲဖို့ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း နောက်ဆုံးအနေနဲ့ အကြံပြု မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

လမ်းပတ် က ” ခင်ဗျားဟာ ချဲလ်ဆီးမှာ ရှိနေပြီး ၊ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ဘောလုံးရာသီ တခု ဖြတ်သန်းရတဲ့အခါ တိုးတက်စရာ နေရာတွေက အများကြီး ရှိနေတာ ရှင်းနေပါတယ် ။ နည်းပြသစ် ဖြစ်လာမယ့်သူကို ဒီကနေပြီး လူရှေ့သူရှေ့မှာ အကြံပြုချက် ပေးသင့်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး ။ ”

” အကယ်၍ ကျွန်တော့ကို တစုံတယောက်က အကြံပြုချက် ပေးမယ် ဒါမှမဟုတ် စကားပြောမယ်ဆိုရင် သူ့အနေနဲ့ အချိန်မရွေး ကျွန်တော့ဆီ ဖုန်းခေါ်နိုင်ပါတယ် ။ တိုးတက်လိုတဲ့ အရာတွေ အများကြီး ရှိနေတာကို ကျွန်တော် မြင်နေရတာက ရှင်းပြီးသားပါ ။ ”

” ဒါပေမယ့် မန်နေဂျာသစ်ဟာ သူ့မျက်လုံးတွေနဲ့ ဒီအသင်းကို ကိုယ်တိုင် မြင်အောင် ကြည့်ပါလိမ့်မယ် ။ သူ ကိုယ်တိုင် ဒီအသင်းနဲ့ ရာသီကြို ပြင်ဆင်မှု လုပ်ပါလိမ့်မယ် ။ သူတို့ ဒါကို လိုအပ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီရာသီမှာ ကြံ့ခိုင်မှု အရ ပြိုင်ဆိုင်မှု လုံလုံလောက်လောက် ပြင်းထန်ခဲ့ခြင်း မရှိပါဘူး ။ ”

” နယူးကာဆယ်က လုပ်နိုင်ခဲ့ပါတယ် ။ ဒါက ကျွန်တော့ရဲ့ သိသာထင်ရှားတဲ့ အတွေးတခုပါ ။ နောက်ပြီး မန်နေဂျာသစ် အတွက် အသင်းကို သူ လိုချင်တဲ့ နေရာဆီ ရောက်အောင် တွန်းပို့နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ ဒီကလပ်မှာ ရှိနေပြီးသားပါ ။ နောက်ထပ် လုပ်စရာ အလုပ်တွေ အများကြီး ရှိလာမှာပါ ။ ”

” ကစားသမား အရေအတွက်က အရမ်း များလွန်းနေပြီး ၊ ဒါက ကျွန်တော် ဒီတခေါက် ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တရပ် ဖြစ်ပါတယ် ။ ဒီအနေအထားမှာ တချို့သော ကစားသမားတွေ အတွက် ကစားခွင့် မရတာတို့ ၊ အသင်းက ထွက်ခွာချင်တာတို့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ။ ဒီအခြေအနေအားလုံး အခုအချိန်က စပြီး ဖြေရှင်းလို့ ရပါပြီ ။ ဖြေရှင်းဖို့လည်း လိုအပ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR