အရွယ်မှားတဲ့ ဂွာကြီး

မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာ တယောက် သူ့အသက်ကို မှားပြောမိခဲ့ပါတယ် ။ တမင်တကာတော့ မဟုတ်လောက်ပါဘူး ။ မတော်တဆ ပြောမိခဲ့တဲပုံပါ ။

မန်စီးတီးဟာ အခုရာသီမှာ ဖလား ၃ လုံးအောင်ပွဲ ( အမှတ်ပေးဖလား + ပြည်တွင်းရှုံးထွက်ဖလား + ချန်ပီယံလိဂ် ) နဲ့ လက်တကမ်း အလိုကို ရောက်ရှိနေပြီး ဇွန်လထဲမှာ ကစားမယ့် ဗိုလ်လုပွဲ ၂ ပွဲစလုံးမှာ ဗိုလ်စွဲခဲ့မယ် ဆိုပါက အင်္ဂလန် ရဲ့ ဒုတိယမြောက် ဖလား ၃ လုံး အောင်ပွဲရှင် ဖြစ်လာတော့မှာပါ ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၁၉၉၉ ခုနှစ် တုန်းက ဖလား ၃ လုံး အောင်ပွဲကို ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလိပ် ကလပ် ဖြစ်ခဲ့ပြီး အဆိုပါ မှတ်တမ်းကို ဒီကနေ့အထိ တဦးတည်း မောင်ပိုင်စီး ရယူထားခဲ့ ပါတယ် ။

အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ဂွာဒီယိုလာ ကို ပြောဆိုချိန်မှာတော့ –

 

“အခု ကျွန်တော်တို့ ဖလား ၁ လုံး ရထားပြီးပါပြီ ။ နောက် ၂ ခုအတွက်လည်း လုပ်နိုင်မှာပါ ။ အင်္ဂလန် မှာက ဒီလို အောင်ပွဲမျိုးဟာ တသက်မှာ တခါရတဲ့ အောင်ပွဲမျိုးပါပဲ ။ အခုချိန်ထိ မန်ချက်စတာ ယူနိုက်တက်ပဲ လုပ်ဖူးပါသေးတယ် ။ သူတို့ ဘိုင်ယန်မြုးနစ် ကို နူးကမ့်မှာ အနိုင်ယူပြီး အောင်ပွဲခံတဲ့ ပွဲကို ကြည့်ခဲ့ဖူးပါတယ် ။ အဲ့ဒိတုန်းက ကျွန်တော်ဆိုရင် ကောင်လေးတယောက် အဖြစ်ပဲ ရှိနေသေးတာပါ” လို့ မန်စီးတီး နည်းပြကြီး က ပြန်လည် ဖြေပေးခဲ့တာပါ ။

 

ဒါပေမယ့် တကယ်တမ်း မှာတော့ ဂွာဒီယိုလာ ဟာ အဲ့ဒိအချိန်တုန်းက လူငယ်လေး တယောက် မဟုတ်ခဲ့ ပါဘူး ။ အသက် ၂၈ နှစ် အရွယ်ရှိနေပြီ ဖြစ်သလို ဘာစီလိုနာ စီနီယာအသင်းကြီးမှာလည်း အသင်းခေါင်းဆောင် အဖြစ် ဝင်ကစားထားပြီးပါပြီ ။ ချန်ပီယံလိဂ် ကိုတောင် ဘာစီလိုနာ နဲ့ ၁၉၉၁ မှာ ရယူထားပြီးတာပါ ။

 

မန်ယူနိုက်တက် ဟာ ၁၉၉၉ တုန်းက အုပ်စုအဆင့်မှာ ဘာစီလိုနာ နဲ့ ဆုံတွေ့ခဲ့ပြီး အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ စလုံး သရေကျခဲ့ပါတယ် ။ နူးကမ့် ကွင်းမှာ ဂိုးသွင်းပြိုင်ပြီး ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲက တကယ့်ကို အကျိတ်အနယ် ပါပဲ ။

ဒီပွဲတွေကို ဂွာဒီယိုလာ လွဲချော်ခဲ့ပါတယ် ။ အကြောင်းကတော့ သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လနဲ့ချီ အနားယူခဲ့ရလို့ပါ ။

ဒါပေမယ့် အဲ့ဒိတုန်းက ပက် ဂွာဒီယိုလာ ကတော့ ကောင်လေးတယောက် မဟုတ်ခဲ့တာ အသေအချာပါပဲ ။

 

SPORTS MYANMAR