သူ့ကို လေ့ကျင့်ရေး အစီအစဉ်မှာ အထင်ကြီးစေခဲ့တဲ့ ချဲလ်ဆီး စတား တဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုသွားတဲ့ ကာဆာဒေး

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ပေါင်သန်း ၂၀၀ကျော် သုံးစွဲကာ ကစားသမား ၉ဦး အထိ ခေါ်ယူခဲ့ရာမှာ အနာဂတ် အတွက် ရည်ရွယ်ထားတဲ့ တက်သစ်စ ကြယ်ပွင့် ၄ဦး အထိ ပါဝင်ခဲ့ပါတယ် ။ ထိုအထဲက တဦးက အီတလီ ယူ ၂၁ ကွင်းလယ်လူ ချက်ဆာရေး ကာဆာဒေး ဖြစ်ပါတယ် ။

ကာဆာဒေးဟာ အင်တာမီလန်ကနေ ချဲလ်ဆီးသို့ ယူရို ၁၅သန်း ၊ ၆နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။ ကစားသမားတွေ အရမ်းများနေတာကြောင့် စီနီယာ အဆင့်ကို တိုးမပေါက်နိုင်ခဲ့တဲ့ ကာဆာဒေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်း ချန်ပီယံရှစ် ကလပ် ရီးဒင်းသို့ ၆လအငှား ထွက်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ်အင့်စ် ကိုင်တွယ်နေတဲ့ ရီးဒင်းမှာတော့ ကာဆာဒေးဟာ ချန်ပီယံရှစ် ၇ပွဲ ပါဝင် ကစားထားကာ ၊ တဂိုးသွင်းထားပါတယ် ။ Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကာဆာဒေး က အင်္ဂလန်မှာ အထိုင်ကျဖို့ သူ ဘယ်လို ကြိုးစားနေလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ကာဆာဒေး က ” ဒီမှာ ကစားရတာကလည်း ဘောလုံးပဲ ဆိုတော့ ခင်ဗျား အတွက် အံ့ကိုက် ဖြစ်ပေမယ့် ၊ ဒီမှာက အနည်းငယ် ကွာခြားမှု ရှိပါတယ် ။ ပထမတော့ ချဲလ်ဆီးမှာ ၊ အခု ရီးဒင်းမှာ ကစားနေရတဲ့ အတွက် အနည်းဆုံးတော့ ဒီမှာ ဘောလုံး ထရိန်နင်တွေ အများကြီး လုပ်ရတာ သိပါတယ် ။ ”

” နောက်ပြီး ပြင်းထန်တဲ့ workout အများကြီး လုပ်ရတာကလည်း ပျော်ဖို့ကောင်းပါတယ် ။ အင်္ဂလန် ရောက်ရောက်ချင်း ပထမ ၂လတော့ ကျွန်တော့အစ်ကိုနဲ့ သွားနေခဲ့ပါတယ် ။ သူ့ရဲ့ အင်္ဂလိပ်စကား ပြောနိုင်စွမ်းက ကျွန်တော့ထက် ပိုကောင်းတော့ အဲဒီတုန်းက အထောက်အကူ အရမ်းဖြစ်ခဲ့ပါတယ် ။ ”

” အခုတော့ ကျွန်တော် အထိုင်ကျနေပြီ ဖြစ်လို့ တယောက်တည်းပဲ နေပါတော့တယ် ။ ဒီနောက်ပိုင်း ကျွန်တော့ မိသားစုဝင် တယောက်ယောက်က ကျွန်တော့ဆီ လာလည်တတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် ကျွန်တော် တယောက်တည်းပဲ နေဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကာဆာဒေး က သူ သဘောကျတဲ့ ကွင်းလယ်လူတွေနဲ့ ပတ်သက်ပြီး ” ကျွန်တော်ဟာ ကိုယ်နဲ့ ကစားပုံချင်း ဆင်တူတဲ့ ကစားသမားတွေကို ကြိုက်ပါတယ် ။ ဒီတော့ တွန်းတွန်းတိုက်တိုက် ပိုကစားနိုင်တဲ့သူမျိုးပေါ့ ။ ”

” ချဲလ်ဆီးက ထရိန်နင်တွေမှာ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ အတူ လေ့ကျင့်ခဲ့ဖူးပြီး ၊ သူက ကျွန်တော့ကို အထင်ကြီးစေခဲ့ပါတယ် ။ သူ့အပြင် တခြား တယောက်ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ဗယ်လ်ဗာဒီပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ကာဆာဒေး က အသင်းဟောင်း အင်တာမီလန်သို့ ပြန်ပြောင်းဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး ” ကျွန်တော် အမှန်ပဲ ပြောပါမယ် ။ အင်္ဂလန်ကို ပြောင်းလာကတည်းက ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ကိုပဲ အာရုံစိုက်ခဲ့ပါတယ် ။ အခု ချန်ပီယံရှစ်ကို ရောက်နေတော့ ချန်ပီယံရှစ်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR