မန်ယူနိုက်တက်ကို ဂိုးပြတ် အရေးနိမ့်တဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတားရဲ့ ခံစစ် စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်သွားတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယခုနှစ် ဘောလုံးရာသီ နောက်ဆုံး အဝေးကွင်း ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ၄ – ၁ ရလဒ်နဲ့ စိတ်ပျက်ဖွယ် အရေးနိမ့်ခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ချဲလ်ဆီး ပရိသတ်တွေ အတွက် ကြေကွဲစရာကောင်းတဲ့ ယခုနှစ်ရာသီ ကုန်ဆုံးဖို့က ၃ရက်ပဲ ကျန်ပါတော့တယ် ။

မနေ့ညကပွဲမှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပျမ်းမျှ အသက်အငယ်ဆုံး ချဲလ်ဆီး line-up နဲ့ ပွဲထုတ်ခဲ့တာ ဖြစ်ပြီး ၊ ရလဒ်ပိုင်းထက် ပရိသတ်တွေ အတွက် လူငယ် ကြယ်ပွင့် တချို့ရဲ့ ကစားပုံနဲ့ ဖြေသိမ့်စရာ ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီတီဟတ်မှ မန်စီးတီးနဲ့ ပွဲကလို မနေ့ကပွဲမှာလည်း ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားက ဘယ်နောက်ခံလူ နေရာက အသက် ၁၈နှစ် အရွယ် အကယ်ဒမီ လူငယ် ကြယ်ပွင့် လူးဝစ်ဟောလ် ဖြစ်ခဲ့ပါတယ် ။

မနေ့ညကပွဲမှာတော့ ဟောလ်ဟာ တိုက်စစ် တက်ကစားရာမှာ အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ဟာဗက်ဇ် အတွက် အပိုင် ခေါင်းတိုက်ခွင့် တကြိမ် ဖန်တီးပေးခဲ့ကာ ၊ ထောင့်ကန်ဘောမှ လျှံကျလာတဲ့ ၄င်းရဲ့ ကန်ချက် တကြိမ်ကိုလည်း မန်ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ် ။

ခံစစ်ပိုင်းမှာတော့ ယင်းဆယ်ကျော်သက် အင်္ဂလန်သားရဲ့ စွမ်းဆောင်ရည်က လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ အပြစ်မပြောခဲ့ကြပါဘူး ။ သို့ပေမယ့် ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ ဒုတိယပေးဂိုးမှ ၄င်းရဲ့ နေရာယူပုံ အပေါ် အခုလိုပဲ မေးခွန်းထုတ်ခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ဟက်ဆယ်ဘိန့်ခ် က ” ဒုတိယပေးဂိုးမှာ ဆန်ချိုရဲ့ ဘောလုံးပေးပို့ပုံက အရမ်းကောင်းပါတယ် ။ မျက်လုံးက တဖက်ကို ကြည့်ပြီး တခြား လမ်းကြောင်းဆီ ဘောလုံးချပေးခဲ့တာပါ ။ ဟောလ်ရဲ့ ခံစစ်ကစားပုံက ဒီမှာ အရမ်း ညံ့ဖျင်းခဲ့ပါတယ် ။ ဒါပေမယ့် ကတ်စီမီရို ဆန်ချိုဆီ ချပေးလိုက်တဲ့
အလုံးကိုတော့ ကျွန်တော် ဘာမကောင်းပြောစရာမှ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်ကလည်း ဟက်ဆယ်ဘိန့်ခ်ရဲ့ သုံးသပ်ချက် အပေါ် အနည်းနဲ့ အများ သဘောတူခဲ့ပေမယ့် ၊ ဟောလ်မှာ အနာဂတ် ချဲလ်ဆီး ဘယ်နောက်ခံလူ ဖြစ်လာဖို့ အရည်အချင်းတွေ ရှိနေတယ်လို့ ထင်မြင်ချက် ပေးခဲ့ပါတယ် ။

ရက်ဒ်နပ် က ” လူးဝစ်ဟောလ်ဖက်က ကြည့်ရင် ကျွန်တော်ဟာ သူ့ရဲ့ နောက်ဆုံး ပွဲ၂ပွဲလုံး ကြည့်ခဲ့ပြီး ၊ မန်စီးတီးနဲ့ ပွဲမှာလည်း သူဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ၂ပွဲလုံး သူ့ရဲ့ ကစားပုံ အရမ်းကောင်းခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒီလို အခိုက်အတန့်မျိုးတွေမှာ ခင်ဗျား သင်ယူ လေ့လာရပါမယ် ။ ချဲလ်ဆီးမှာ လူငယ် ကစားသမားတွေ ကြုံနေရတဲ့ ပြဿနာက အတွေ့အကြုံရှိ ကစားသမားတွေကို မော့ကြည့်နေရတာပါပဲ ။ အသင်းရဲ့ ဓလေ့ထုံးစံ ၊ ထရိန်နင် ၊ ဆန္ဒပြင်းပြမှုတွေက မှန်ကန်မှု မရှိနေပါဘူး ။ ”

” ခင်ဗျား အနေနဲ့ ကိုယ့်အလုပ် ကိုယ်တာဝန်ကျေအောင် လုပ်ဖို့က အရေးကြီးပါတယ် ။ အခုဆို သူဟာ ကျွန်တော်တို့ မြင်ဖူးသမျှ အကောင်းဆုံး ဘယ်နောက်ခံလူ တဦး ဖြစ်ခဲ့တဲ့ လက်ရှိ နည်းပြ အဖွဲ့က အက်ရ်ှလေကိုးလ်နဲ့ အတူ လေ့ကျင့်ခွင့် ရနေပါတယ် ။ ခံစစ်ပိုင်း စွမ်းဆောင်ရည် တိုးတက်ဖို့ သူ ကြိုးစားရပါဦးမယ် ။ ”

” ဒုတိယပေးဂိုးက သူ့ရဲ့ နေရာယူပုံကို ကြည့်ပါ ။ သူသာ ခန္ဓာကိုယ်အယူအသိမ်း မှန်ခဲ့ရင် ဒီဂိုး ပေးရဖို့ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး ။ နောက်ဆုံး ၂ပွဲမှာ အနာဂတ် ချဲလ်ဆီးရဲ့ ဘယ်နောက်ခံလူ တယောက် ဖြစ်ဖို့ လုံလောက်တဲ့ အရည်အချင်းတွေ ရှိနေတယ် ဆိုတာ သူ ပြသထားပါတယ် ။ ”

” ခံစစ်ပိုင်း အသေးစိတ် အချက်အလက်တွေမှာ မှန်အောင် ပြုပြင်ဖို့ သူ့အတွက် မဖြစ်မနေ လိုအပ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် သူ့အဖို့ ပေးဆပ်မှု ကြီးမားပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR