နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ချန်ပီယံ ဘာစီလိုနာ ဟာ ဗယ်လာဒိုးလစ် အသင်းကို အဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။
ဘာစီလိုနာ အတွက် ရောဘတ် လီဝန်ဒေါ့စကီး က တလုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့တာပါ ။

ဆော်ဒီ ပရိုလိဂ် မှာလည်း ရိုနယ်ဒို ဟာ အယ်လ်နက်ဆာ ရဲ့ အနိုင်ဂိုး ကို သွင်းယူပေးခဲ့ပြီး အယ်လ်ရှာဘတ် အသင်းကို ၃-၂ နဲ့ အနိုင် ကစားပေးခဲ့ ပါတယ် ။
ဒါပေမယ့် အဆင့် ၁ က အယ်လ် အစ်တီဟတ် နဲ့ တော့ ၃ မှတ်ကွာဟ နေဆဲဖြစ်ပြီး အဆင့် ၂ နဲ့ ရာသီပိတ်သိမ်းဖို့ အလားအလာ များနေပါတယ် ။

ရီးရဲမက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ လီဗာပူး ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ကို စိတ်ဝင်စား နေပြီး ပေါင် သန်း ၄၀ ခန့်နဲ့ ကမ်းလှမ်းဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

စပိန် လာလီဂါ ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲမက်ဒရစ် တောင်ပံ ကစားသမား ဗီနီဆီယပ် ဂျူနီယာ ကို အသားအရောင် ခွဲခြား တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဗလင်စီယာ အသင်းကို ပေါင် ၄ သောင်း ဒဏ်ရိုက် ခဲ့ပြီး ပွဲကြည့်စင် တဘက် ကို ၅ ပွဲ ပိတ်ဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ဇွန်လ ထဲမှာ ကစားဖို့ ရှိနေတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ အတွက် လူစာရင်း ကို မကြာခင် ထုတ်ပြန်တော့မှာ ဖြစ်ပြီး ချဲလ်ဆီး တောင်ပံ ကစားသမား စတာလင် ကျန်ရစ် ခဲ့နိုင်တယ်လို့ သတင်း ပေါ်ထွက်နေပါတယ် ။

နယ်သာလန်ကလပ် ဖီယင်နော့ ကို အမှတ်ပေး ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် ပေးခဲ့တဲ့ အာနီ စလော့ ဟာ မကြာခင် ရက်အနည်းငယ် အတွင်းမှာ တော့တင်ဟမ် ဟော့စပါး နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေပါတယ် ။

ရိုးမား အသင်းရဲ့ ကွင်းလယ်လူ ဝိုင်နယ်ဒမ် နဲ့ တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလား တို့ဟာ ကြံ့ခိုင်မှု မပြည့်ဝကြ သေးဘဲ ဆီဗီးလား နဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ အတွက် အဆင်သင့် ဖြစ်ဖို့ စောင့်ကြည့် ရဦးမယ်လို့ သိရပါတယ် ။

ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားပြီ ဖြစ်တဲ့ နယူးကာဆယ် အသင်းဟာ လေဗာကူဆင် ကစားသမား မူဆာ ဒီယာဘီ ကို ခေါ်ယူဖို့ စတင် လုပ်ဆောင် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

အဲဗာတန် ရဲ့ တန်းမဆင်းရရေး အဆုံးအဖြတ်ပွဲစဉ် မတိုင်ခင်မှာ အားထားရတဲ့ တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက် လီဝင်း ရဲ့ တံကောက်ကြော ဒဏ်ရာဟာ သက်သာလာခြင်း မရှိသေးဘဲ ဘုန်းမောက်နဲ့ ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

အာဂျင်တီးနား လက်ရွေးစင် ဘောလုံးအသင်းဟာ လာမယ့် ဇွန်လ ထဲမှာ အာရှဒေသကို ခရီးထွက်ခွာပြီး ခြေစမ်းပွဲတွေ ကစားသွားမယ်လို့ သိရပါတယ် ။

လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ဇွန်လ ၁၅ ရက်နေ့ မှာ သြစတြေးလျ အသင်းနဲ့ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ကစားမယ်လို့ အတည်ပြု ကြေညာသွားခဲ့ ပါတယ် ။

အာဆင်နယ် အမျိုးသမီး အသင်းသူ ၂ ယောက် ဖြစ်တဲ့ ကွီးရော့ဇ် နဲ့ ဘတ်မိသ် တို့ဟာ လာမယ့် ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်း ဂျာစီသစ် ကို ဆိုရှယ်မီဒီယာ ပေါ်မှာ မတော်တဆ ဖော်ပြမိခဲ့ ပါတယ် ။
အာဆင်နယ် ဟာ ၂၀၂၃-၂၄ ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်း ဂျာစီသစ် ကို မကြာခင် ထုတ်ဖော် ကြေညာတော့မှာ ဖြစ်ပြီး ရွှေရောင်ပုခုံးလိုင်းတွေ ၊ ပုံစံသစ် နဲ့ လိုဂိုတွေ ပါဝင်မယ်လို့ သိရပါတယ် ။

SPORTS MYANMAR