ချဲလ်ဆီး စတား တဦး အပေါ် သူ စိတ်ပျက်နေဆဲ ဖြစ်ကြောင်း ဝန်ခံရင်း ၊ အာဆင်နယ် ပစ်မှတ် ကွင်းလယ်လူကို ခေါ်ယူဖို့ အသင်းဟောင်းထံ တိုက်တွန်းလိုက်တဲ့ ဖရန့်လီဘို့ဖ်

 

၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီ ပိတ်သိမ်းဖို့ ရက်သတ္တပတ် တပတ်တောင် မလိုတော့ချိန် ရာသီသိမ်းဖို့ အမျှော်ဆုံး ပရီးမီးယားလိဂ် အသင်းက ချဲလ်ဆီးပဲ ဖြစ်ပါလိမ့်မယ် ။ ကလပ် သမိုင်းကြောင်း တလျှောက် ပရီးမီးယားလိဂ် ရမှတ် အနည်းဆုံး ဖြစ်တာနဲ့ အညီ ကစားသမား အများစုရဲ့ ပျမ်းမျှ ကွင်းတွင်း စွမ်းဆောင်ရည်တွေကလည်း အနုတ်ပြနေပါတယ် ။

အထူးသဖြင့် ပြီးခဲ့တဲ့ နွေရာသီ အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ချဲလ်ဆီး အတွက် အဖက်ဖက်ကနေ အရှုံးပေးစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ကာ ၊ ထိုအထဲမှာ ဝေဖန်ခံရဖို့ အနည်းဆုံး ကစားသမားက ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ဗိုလ်စွဲပြန်တဲ့ မန်စီးတီးကနေ ပြောင်းလာခဲ့တဲ့ တောင်ပံကစားသမား စတာလင်ပဲ ဖြစ်ပါတယ် ။

စတာလင်ဟာ ဂိုးသွင်းနှုန်း ဆိုးဆိုးရွားရွား နိမ့်ကျနေတဲ့ ချဲလ်ဆီးမှာ Top scorer တဦး ဖြစ်ထားပေမယ့် ၊ မန်စီးတီးမှာ ကစားခဲ့တဲ့ ၇နှစ်လုံးလုံး ဒီလောက်ထိ အခြေအနေ မဆိုးခဲ့မှာ သေချာပါတယ် ။ ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်က စတာလင်ဟာ ကပျက်ကချော်နိုင်လွန်းပြီး ၊ အခုအချိန်အထိ စွမ်းဆောင်ရည်က အားရစရာမရှိကြောင်း ထုတ်ဖော်ဝန်ခံသွားပါတယ် ။

လီဘို့ဖ် က ” ကျွန်တော်ဟာ တချို့သော ကစားသမားတွေကို ဘယ်တော့မှ သိပ်ပြီး ပြင်းပြင်းထန်ထန် မဝေဖန်ခဲ့ပါဘူး ။ ပထမဦးဆုံး အနေနဲ့ လူပုဂ္ဂိုလ်ချင်း ကျွန်တော် လေးစားမှု ထားလိုပါတယ် ။ ပြီးမှ ကစားသမားဖြစ်သူကို ကျွန်တော် လေးစားလိုပါတယ် ။ ”

” ခင်ဗျားဟာ သာမန် ကစားသမား တယောက် ဖြစ်ရုံနဲ့ လီဗာပူး ၊ မန်စီးတီး ၊ ချဲလ်ဆီးတို့လို အသင်းတွေအတွက် မကစားရပါဘူး ။ ဒါပေမယ့် ရာဟင်း စတာလင် ချဲလ်ဆီးကို ရောက်လာတဲ့အခါတုန်းက သူဟာ ခင်ဗျားကို ထူးခြားမှု တခုခု အပိုယူဆောင်လာပေးမယ့် ကစားသမားမျိုး မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ် ။ ”

” ပက်ဂွာဒီယိုလာဟာ ကစားသမား တယောက်ကို ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ၊ အဲဒီအတွက် အကြောင်းအရင်း တခုခု ရှိနေလို့ပါပဲ ။ ဒါကြောင့် ပေါင်သန်း ၅၀ဟာ သူ့အတွက် အရမ်းများလွန်းတယ်လို့ ကျွန်တော် ပြောခဲ့ရခြင်း ဖြစ်ပါတယ် ။ ”

” ကွင်းတွင်းမှာ သူဟာ ခေါင်းဆောင် တဦး မဟုတ်သလို ၊ အတော်လေး ပေါ့ပျက်ပျက်နိုင်ပါတယ် ။ ဖောရက်စ်နဲ့ ပွဲမှာ ၂ဂိုး သွင်းနိုင်ခဲ့လို့ ကျွန်တော် ပျော်ခဲ့ပေမယ့် ၊ စရောက်ကတည်းကနေ အခုအချိန် အထိ သူ့ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည်ကိုတော့ ကျွန်တော် မပျော်ရွှင်ပါဘူး ။ ”

” သူဟာ ဘောလုံး ခဏခဏ အပျက်များသလို ၊ အခွင့်အရေးတွေ ဖြုန်းတီးလွန်းပါတယ် ။ သူဟာ နာမည်ကြီး ကစားသမား တဦး ဖြစ်ပေမယ့် ၊ အခုအချိန် သူ့ကို ရောင်းထုတ်မယ်ဆိုရင် ၊ ဘယ်အသင်းကမှ ကျွန်တော်တို့ သူ့အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်ဝယ်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ လာမယ့် နွေတတွင်း ကစားသမားသစ် ခေါ်ယူဖို့ထက် ကစားသမား ရှင်းထုတ်နိုင်ရေး ရှေးဦးစွာ လုပ်ဆောင်ရမယ့် ချဲလ်ဆီးဟာ အနည်းဆုံးတော့ ကွင်းလယ်တနေရာ ထပ်ဖြည့်နိုင်ဖို့ လိုနေပါသေးတယ် ။ လီဘို့ဖ်ကတော့ အာဆင်နယ်က ခေါ်ယူဖို့ ထိပ်ဆုံးက ပြေးနေတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို သူ့အသင်းဟောင်း အနေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားပါတယ် ။

လီဘို့ဖ် က ” ချဲလ်ဆီးဟာ ဒက်ကလန်ရိုက်စ်ကို ခေါ်ဖို့ ကြိုးစားရပါမယ် ။ အမှားလုပ်တတ်တာ လူ့သဘောသဘာဝပါပဲ ။ ချဲလ်ဆီးဟာ သူ့ကို ငယ်ငယ်တုန်းက အသင်းကနေ ထုတ်ပယ်ခဲ့တာ မှားခဲ့ပါတယ် ။ ရိုက်စ်ဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တယောက်ပါ ။ ”

” သူဟာ သန်မာတယ် ၊ ပါးနပ်တယ် ၊ နည်းစနစ်အရ ထူးချွန်တယ် ၊ ကြံ့ခိုင်မှုအရ သားရဲကောင် တကောင်လိုပါပဲ ။ ကစားကွက်ပိုင်းအရလည်း သူဟာ အရမ်း အသုံးဝင်နိုင်ပါတယ် ။ ချဲလ်ဆီးက သူ့ကို ခေါ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ အပြောင်းအလဲ တခု ဖြစ်လာပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ အချိန် အတော်ကြာမှာ ကွင်းလယ် အထိုင်မှာ အရမ်းသန်မာတဲ့ ကစားသမား တဦးကို ကျွန်တော်တို့ ပိုင်ဆိုင်လိုက်နိုင်မှာမို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR