အာရှကို ခြေစမ်းပွဲ လာကစားမယ့် ကမ္ဘာ့ချန်ပီယံ

အာဂျင်တီးနား လက်ရွေးစင် ဘောလုံးအသင်းဟာ လာမယ့် ဇွန်လ ထဲမှာ အာရှဒေသကို ခရီးထွက်ခွာပြီး ခြေစမ်းပွဲတွေ ကစားသွားမယ်လို့ သိရပါတယ် ။

လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ဇွန်လ ၁၅ ရက်နေ့ မှာ သြစတြေးလျ အသင်းနဲ့ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ကစားမယ်လို့ အတည်ပြု ကြေညာသွားခဲ့ ပါတယ် ။

 

အာဂျင်တီးနား ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ သြစတြေးလျနဲ့ ဆုံတွေ့ခဲ့ပြီး ၂-၁ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒီခရီးစဉ် ဟာ မက်ဆီ အတွက် တရုတ်နိုင်ငံ ကို ၇ ကြိမ်မြောက် ရောက်ရှိမယ့် ခရီးစဉ် ဖြစ်လာမှာပါ ။

မက်ဆီ ဟာ ၂၀၀၅ ခုနှစ်က စပြီး ကလပ် ၊ နိုင်ငံ အသင်းတွေနဲ့ တရုတ်ကို ၆ ကြိမ်ရောက်ရှိ ထားခဲ့ပြီးပါပြီ ။ နောက်ဆုံး ရောက်ခဲ့တာက ၂၀၁၇ တုန်းကပါ ။

 

ဒါ့အပြင် အာဂျင်တီးနား ဟာ ဇွန်လ ၁၉ ရက်နေ့မှာလည်း အင်ဒိုနီးရှား အသင်းနဲ့ ခြေစမ်းပွဲ ကစားသွားမယ်လို့ အာရှ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ် ။

ဒါပေမယ့် ဒီသတင်းကို ၂ ဘက် ဘောလုံးအဖွဲ့ချုပ်တွေက အတည်မပြု သေးသလို အင်ဒို ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အဲရစ် သိုဟာ ကလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး သူ ဘာမှ မသိရသေးပါဘူးလို့ ပြောဆိုထားပါတယ် ။

 

အင်ဒို ဟာ ဇွန်လ ၁၄ ရက်နေ့မှာ ပါလက်စတိုင်း အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး အင်ဒို ယူ-၂၂ အသင်း ဟာလည်း ဇွန် ၁၇ ရက်နေ့မှာ တောင်ကိုရီးယား ကလပ် ချောင်ဘွတ် ဟွန်ဒိုင်း အသင်းနဲ့ ကစားဖို့ စီစဉ် ထားပါတယ် ။

 

အင်ဒို အခြေစိုက် စီအန်အန် သတင်းရဲ့ ဖော်ပြချက်အရ ဘောလုံးအဖွဲ့ချုပ် ၂ ခု ( အင်ဒို – အာဂျင် ) ဟာ အချက်အလက် အချို့ ညှိနှိုင်းရာမှာ အဆင်မပြေ ဖြစ်နေတယ်လို့ ပါရှိခဲ့ပါတယ် ။

အင်ဒို အခြေစိုက် အားကစားသတင်းစာ ဘိုလာ ကတော့ အဲရစ် သိုဟာ ဟာ အာဂျင်တီးနား အသင်းကို ဖိတ်ခေါ် ကစားဖို့ အတွက် အင်ဒို ဘောလုံးအဖွဲ့ချုပ်ကို အမေရိကန် ဒေါ်လာ ၅ သန်း ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြ လာခဲ့ပါတယ် ။

 

SPORTS MYANMAR