အာဆင်နယ် အသင်း ရဲ့ပရီးမီးယားလိဂ် ချန်ပီယံ အခွင့်အရေးနှင့် ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ဗန်ပါစီ

အာဆင်နယ် အသင်း ရဲ့တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီက ဒီရာသီ မှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူ နိုင်လိမ့်မယ်လို့ ခံစား မိကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျနော့်ရဲ့ တစ်ကိုယ်ရည် ခံစားချက် အရဆို သူတို့ ချန်ပီယံ ဆုအတွက် ယှဉ်ပြိုင်ပါလိမ့်မယ် ၊ နောက်ပြီး သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ဆွတ်ခူး နိုင်ပါလိမ့်မယ် ၊ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးနဲ့ အလှမ်းဝေး နေတာ ကာလအတန်ကြာ ရှိနေခဲ့ပါပြီ ။ ဒါကြောင့် သူတို့သာ ချန်ပီယံ ဖြစ်ရင် ကျနော် ပျော်မှာပါ ။ ”

” အခု အချိန်မှာ ရမှတ် တိုင်းက အရေးပါပါတယ် ၊ ရမှတ် များနိုင်သလောက် များအောင် ယူရမှာပါ ။ အာဆင်နယ် က ခက်ခဲတဲ့ ပွဲတွေ မှာ ရမှတ် ၃ မှတ် ရအောင် ယူ နိုင်ခဲ့ပါတယ် ၊ ဒီလိုမျိုးက ချန်ပီယံ အသင်းတွေပဲ လုပ်နိုင်စွမ်း ရှိတာပါ ။ သူတို့က ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ကြောင်း သက်သေ ပြထားပါတယ် ။ ဒါပေမယ့် ပြိုင်ပွဲ ပြီးခါနီးလေ ပိုခက်ခဲလေ ဖြစ်တာကြောင့် စိတ်ဝင်တစား စောင့်ကြည့်ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကစားသမား ဘဝ ကနေ အနားယူ သွားခဲ့တဲ့ အိုဇေးလ် ကလည်း ဂန်းနားတို့နဲ့ ပတ်သက်ပြီး ” အခု အချိန်မှာ ကျနော် အာဆင်နယ် နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေး ဖြစ်သွားပါပြီ ။ အာဆင်နယ် ပရိသတ်တွေ အကောင်းဆုံးသော အရာတွေ ရရှိပါစေ လို့ ကျနော် ဆုတောင်း ပေးပါတယ် သူတို့က ကျနော့် ကို အတော်လေး အားပေး ခဲ့ကြတာပါ ။ ”

” နွေရာသီမှာ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကြီး ရပြီး အောင်ပွဲ ခံနိုင်ခဲ့ရင် ပရိသတ်တွေ အတွက် ဝမ်းသာပျော်ရွှင် မိမှာပါ ၊ ဘာကြောင့်လဲ ဆိုရင် သူတို့က ချန်ပီယံဆု နဲ့ ထိုက်တန်တဲ့သူတွေ ဖြစ်တာကြောင့်ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဒါ့အပြင် ကိုလို တိုရေး ကလည်း ” သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ရယူနိုင်တဲ့ အသင်း ပုံပေါက်ပါတယ် ။ ကစားသမားတွေရဲ့အရည်အသွေး ၊ အချင်းချင်း နားလည် ချိတ်ဆက်မှုတွေက ချန်ပီယံ အသင်းတစ်သင်းလိုပါပဲ ။ သူတို့က အတူတူ တိုက်စစ်ဆင်တယ် ခံစစ် ဆင်းတယ် ၊ ခံစားစရာတွေ ပျော်စရာတွေကိုလည်း အတူတူ မျှဝေ ခံစားကြပါတယ် ။ သူတို့က မိသားစု တစ်စုလိုမျိုး ဖြစ်နေတယ်ဆိုတာ ကျနော် ခံစားမိပါတယ် ။ ”

” ဒီကောင်လေးတွေက တစ်ယောက် အတွက် တစ်ယောက်တိုက်ပွဲ ဝင်ဖို့ အသင့် ဖြစ်နေတာပါ ။ မီခေးလ် အာတီတာ က တကယ်တော်တဲ့ နည်းပြ တစ်ဦးပါ ၊ သူ လုပ်ပြထားတဲ့ အရာတွေက ကျနော်တို့လို နည်းပြတွေအတွက် အတုယူ အားကျစရာပါပဲ ၊ သူ အသင်းထံ ယူဆောင်လာပေးတဲ့ energy ကိုလည်း ခင်ဗျားတို့ တွေ့ကြမှာပါ ။ ”

” နောက်ပြီး အာတီတာ တစ်ယောက် ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တစ်ဦး ဖြစ်တဲ့ ဂွာဒီယိုလာ လက်အောက်မှာ သင်ယူခွင့် ရခဲ့တာ အတော်လေး ကံကောင်းတယ် ဆိုရမှာပါ ။ ဒါပေမယ့် မန်စီးတီး က အတွေ့အကြုံ ရှိတာကြောင့် အာဆင်နယ် အနေနဲ့ ခြေမချော်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ် ၊ မန်စီးတီး က နောက်ဆုံးပွဲမတိုင်ခင် အထိ ချန်ပီယံ​ဆုအတွက် အစွမ်းကုန် တိုက်ပွဲ ဝင်ပါလိမ့်မယ် ။ ” လို့ ဆိုပါတယ် ။

SM