ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုထံ သတိပေးစကားဆိုလိုက်တဲ့ ရုဒ်ဟူးလစ်

 

ချဲလ်ဆီး အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် နည်းပြသစ် အဖြစ် တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို ၃နှစ် စာချုပ်နဲ့ ခန့်အပ်ဖို့ အလုံးစုံ သဘောတူညီမှု ရထားပြီး ၊ ယခုလ မကုန်ခင်မှာ အသင်းရဲ့ တရားဝင် နည်းပြသစ် ဖြစ်ကြောင်းလည်း တရားဝင် ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ် ။

ပိုချက်တီနိုဟာ အရင် ချဲလ်ဆီး နည်းပြဟောင်းတွေလို ဇူလိုင်မှ ရာသီကြို ပြင်ဆင်မှုတွေ လုပ်မှာ မဟုတ်ပဲ ၊ လာမယ့် ဇွန်လမှာကတည်းက အနာဂတ် မသေချာလို့ အသင်းက ထွက်မယ့် ကစားသမားတွေ ၊ အသင်းမှာ ဆက်ထိန်းမယ့် ကစားသမားတွေကို သူ့ရဲ့ နည်းပြ အဖွဲ့ဝင် ၊ အကြံပေးတွေနဲ့ တိုင်ပင် ဆွေးနွေး ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ် ။

ဒီတော့ တခြား အသင်းတွေ ထိုအချိန်မှာ အားလပ်ရက် ဖြတ်သန်းနေကြရင်တောင် ပိုချက်တီနိုနဲ့ ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေဟာ ပိုလျှံနေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ အလုပ်ရှုပ်နေကြမှာ သေချာပါတယ် ။ ယင်းအာဂျင်တိုင်းသားဟာ အခုကတည်းက ချဲလ်ဆီးရဲ့ လက်ကျန်ရာသီ ဖြတ်သန်းမှုကို စောင့်ကြည့်နေကာ ၊ ဘယ်ကစားသမားတွေကို သူ့အသင်းမှာ ဘယ်လို အသုံးပြုမယ်ဆိုတာလည်း တွေးတောနေပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီးဖက်ကတော့ စာချုပ် သက်တမ်းကုန်ခါနီး ကစားသမားတွေနဲ့ မပျော်မွေ့တော့တဲ့ ကစားသမား တဒါဇင်ကျော်ကို လာမယ့် ဇွန်လ အတွင်း မဟုတ်ရင်တောင် လာမယ့် နွေတတွင်း အပြီးသတ် ရှင်းထုတ်ကာ ၊ ပိုချက်တီနိုကို ပိုမို ကျစ်လျစ်မှု ရှိတဲ့ ကစားသမား အင်အားနဲ့ အလုပ်လုပ်ခွင့်ပေးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်းလည်းဖြစ် ၊ ကစားသမားနည်းပြဟောင်းလည်း ဖြစ်တဲ့ ရုဒ်ဟူးလစ်ကတော့ အရေအတွက် အလွန်များပြားနေတဲ့ ချဲလ်ဆီး ကစားသမားတွေထဲမှာ ကစားခွင့် မရလို့ ညည်းညူနေနိုင်တဲ့ ကစားသမားတွေ နည်းပြသစ် လက်ထက်မှာပါ ရှိနေနိုင်ကြောင်း ပိုချက်တီနိုထံ အခုလို သတိပေးသွားပါတယ် ။

The Mirror နဲ့ တွေ့ဆုံခဲ့ရာမှာ ဟူးလစ် က ” ချဲလ်ဆီးမှာ ကစားသမားတွေ အရမ်းများလွန်းနေပါတယ် ။ ဘယ်နှယောက်တောင်မှ ရှိနေတာလဲ ? အယောက် ၃၀လား ? ချဲလ်ဆီးက ခင်ဗျားကို လာဝယ်ရင် ခင်ဗျားဟာ ခြေစွမ်း အဆင့်အတန်း တခု ရှိနေပြီး ၊ ခင်ဗျား ကိုယ်တိုင်လည်း အဲဒီကို သွားကစားချင်မှာပါ ။ ”

” ဒါပေမယ့် ဒီကစားသမားတွေ အသင်းမှာ နေရာမရဘူးဆိုရင် သူတို့တွေ စောဒက တက်ကြပါလိမ့်မယ် ။ ပွဲကစားခွင့် မရတဲ့သူတွေဟာ ခင်ဗျား အကြောင်း ဆိုးဆိုးရွားရွား ပြောကြပါလိမ့်မယ် ။ ဒါက ပုံမှန်ပါပဲ ။ ”

” ဒါပေမယ့် ချဲလ်ဆီးက ဆုဖလားတွေ ယူပြနေရင်တော့ သူတို့ ဘာတခုမှ ပြောမှာ မဟုတ်ပါဘူး ။ သူတို့ ပါးစပ်ပေါက်တွေ ပိတ်နေပါလိမ့်မယ် ။ အခုတော့ ခင်ဗျားဟာ တနင်္ဂနွေနေ့ပွဲမှာ ထည့်သုံးပြီး ဗုဒ္ဓဟူးနေ့ပွဲမှာ အရန်ခုံ ပို့ရင် ညည်းကြမယ့် ကစားသမားတွေကို ပိုင်ဆိုင်ထားရပါတယ် ။ ”

” ချဲလ်ဆီးဟာ ဒီရာသီမှာ ဘာဖလားမှ မဆွတ်ခူးထားပါဘူး ။ ဒီတော့ သူတို့ အားလုံး ညည်းကြပါတယ် ။ အခြေအနေ မဟန်တာတွေ နေရာတိုင်းမှာလိုလို ဖြစ်နေပါတယ် ။ ကစားခွင့် မရတဲ့ ကစားသမားတွေသည်သာလျှင် ခင်ဗျား သတိထား စောင့်ကြည့်ရမယ့်သူတွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR