နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာ နယူးကာဆယ် ဟာ လက်စတာ စီးတီး အသင်းကို ဂိုးမရှိ သရေ ကစားခဲ့ပြီး လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိသွားခဲ့ ပါတယ် ။

ဒါဟာ ၂၀၀၃ နောက်ပိုင်းမှာ နယူးကာဆယ် အတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကို ဝင်ရောက်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

လက်စတာ ကတော့ နယူးကာဆယ် ပွဲက ၁ မှတ်ကြောင့် တန်းမဆင်းရဖို့ နောက်ဆုံးပွဲစဉ် အထိ တိုက်ပွဲဝင်ခွင့် ရရှိသွားခဲ့ကာ အဆင့် ၁၈ ကို တက်လှမ်းလာနိုင်ခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် အသင်းဟာ အမ်ပိုလီ အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ ပါတယ် ။

ဒါ့အပြင် အီတလီ ခုံသမာဓိရုံးက ယူဗင်တပ်အသင်းကို အပြောင်းအရွှေ့ ကိစ္စတွေကို မမှန်မကန် တင်ပြခဲ့မှု အတွက် ရမှတ် ၁၀ မှတ် လျော့ချ လိုက်တာကြောင့် တူရင်ကလပ်ဟာ တညတည်းနဲ့ ၁၃ မှတ် ဆုံးရှုံးသွားကာ အဆင့် ၂ ကနေ အဆင့် ၇ အထိ ကျဆင်းသွားခဲ့ရပါတယ် ။

ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားရတဲ့ ဆောက်သမ်တန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ရိုမီရို လီဗာ ကို နောက်တကြိမ် ပြန်လည် စိတ်ဝင်စား လာတယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ခံစစ်မှူး ဘီဒီယာရှီလ် ကတော့ လေ့ကျင့်ရေးကွင်းမှာ ရရှိတဲ့ ဒဏ်ရာကြောင့် ၃-၄ လလောက် အနားယူရဖွယ် ရှိနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အာဂျင်တီးနား မှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာတော့ အင်္ဂလန် ယူ-၂၀ အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် တူနီးရှား အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၁-၀ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။

ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ် ခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမားလေး ဒင်း ဟန်ဒါဆင် ကို အပြီးသတ် ဝယ်ယူဖို့ စိတ်ကူးနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အဲဗာတန် အသင်းရဲ့ ပိုင်ရှင် အပြောင်းအလဲ ကိစ္စ ( အသင်းရောင်းချမှု ) ဟာလည်း နောက်တဆင့်ကို တက်လှမ်း ရှေ့ဆက် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR