ဂွာဒီယိုလာ ဟာ ဖာဂူဆန် ရဲ့ အရိုက်အရာကို ဆက်ခံလိမ့်မယ်လို့ ဂယ်ရီ နဗီးလ် ဟောကိန်းထုတ်

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မန်ယူနိုက်တက် ဂန္ထဝင် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် လိုမျိုး ပရီးမီးယားလိဂ်ကို လွှမ်းမိုးမည့် နည်းပြ ဖြစ်လာတော့မယ်လို့ ဂယ်ရီ နဗီးလ် က ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

မနေ့ညက ဖလားသိမ်း အောင်ပွဲ အပြီးမှာတော့ စပိန် နည်းပြကြီး ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုကို ၃ နှစ်ဆက်တိုက် ရယူနိုင်တဲ့ နောက်ထပ် နည်းပြ တယောက် ဖြစ်လာခဲ့ပါတယ် ။

ဂွာဒီယိုလာ ဟာ ၂၀၁၆ တုန်းက အင်္ဂလန် ကို ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၇ ရာသီ အတွင်းမှာ အမှတ်ပေး ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူထားနိုင်ခဲ့ ပါတယ် ။

ဒီရာသီမှာ မန်စီးတီး ဟာ FA Cup နဲ့ ချန်ပီယံလိဂ် တို့မှာလည်း ဗိုလ်လုပွဲ အဆင့်အထိ တက်လှမ်း ထားနိုင် ခဲ့ပြီး FA Cup မှာ မန်ချက်စတာ ယူနိုက်တက် ၊ ချန်ပီယံလိဂ်မှာ အင်တာမီလန် အသင်းတို့နဲ့ ယှဉ်ပြိုင် ကစား သွားရတော့မှာပါ ။

ဒီပြိုင်ပွဲ ၂ ခုစလုံးမှာ ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ မန်စီးတီး ဟာ မန်ချက်စတာ ယူနိုက်တက် ပြီးပါက ဖလား ၃ လုံး အောင်ပွဲကို အင်္ဂလန်ကနေ ဒုတိယမြောက် ရရှိတဲ့ အသင်း ဖြစ်လာတော့မှာပါ ။

မန်ချက်စတာ  ယူနိုက်တက် အသင်းရဲ့ ၁၉၉၈-၁၉၉၉ ဖလား ၃ လုံး အောင်ပွဲမှာ ကစားသမား တယောက် အဖြစ် ပါဝင် ခဲ့တဲ့ ဂယ်ရီ နဗီးလ် က တော့ သူ့အနေနဲ့ စီးတီး ဖလား ၃ လုံး ရမှာကို မလိုလားပေမယ့် ဂွာဒီယိုလာ နဲ့ မန်ချက်စတာ စီးတီး ဟာ ပရီးမီးယားလိဂ်ကို ဖာဂူဆန် လွှမ်းမိုးသလို လွှမ်းမိုးလာ နိုင်ကြောင်းကိုတော့ ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။

“မန်စီးတီး ဖလား ၃ လုံး ရသွားမှာကို မြင်ချင်သလား ၊ နိုး နိုး ပါ ။ ဘယ် မန်ချက်စတာ ယူနိုက်တက် ပရိသတ်မှ ဒါကို မြင်ချင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တတ်တဲ့ လောကကြီးမှ မဟုတ်တာဗျာ”

“တကယ်လို့ သူတို့ ( မန်စီးတီး ) သာ မန်ချက်စတာ ယူနိုက်တက် ကို နိုင်မယ် ၊ အင်တာမီလန် ကို နိုင်ပြီး ဖလား ၃ လုံး အောင်ပွဲ ဆွတ်ခူး သွားခဲ့မယ် ဆိုရင်တော့ ဒီအသင်း ၊ ဒီကစားသမားတွေ နဲ့ ဒီနည်းပြတို့ကို ချီးကျုး ရမှာပါ ။ သူတို့ ထူးခြားတဲ့ တခုခုကို လုပ်ပြ နိုင်လိုက်တော့မှာ မလို့ပါ”

“ဆာအဲလက်စ် ဟာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ် အခမ်းနားဆုံးတွေထဲက တယောက်ပါ ။ ဒါကြောင့် သူ ဒီလို ဖလား ၃ လုံး အောင်မြင်မှုနဲ့ ထိုက်တန်ခဲ့ပါတယ် ။ ပက် ဂွာဒီယိုလာ လည်း ဒီလို အောင်မြင်ခဲ့မယ် ဆိုရင် သူဟာလည်း ကြီးကျယ် ခမ်းနားသူ တယောက် ဖြစ်လာမှာပါ ။ ပြီးတော့ သူ့ရဲ့ မန်ချက်စတာ စီးတီး ဟာလည်း ပရီးမီးယားလိဂ် ကို ဆာအဲလက်စ် လွှမ်းမိုးခဲ့သလိုမျိုး လွှမ်းမိုး ထားနိုင် ပါလိမ့်မယ်” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR