နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတိး ဟာ အိမ်ကွင်းမှာ ချဲလ်ဆီး အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားကြီးနဲ့ အောင်ပွဲခံ သွားခဲ့ပါတယ် ။
စီးတီး အတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူးလေး ဟူလီယံ အယ်လ်ဗာရက်ဇ် က သွင်းယူပေးခဲ့ တာပါ ။

အခြားပွဲစဉ် မှာတော့ ဘရိုက်တန် က ဆောက်သမ်တန် ကို ၃-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၇ အတွင်း ဝင်ဖို့ သေချာ သွားတာကြောင့် လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲ ကို ကလပ်သမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ချန်ပီယံ နာပိုလီ တို့ နိုင်ပွဲ ပြန်ရခဲ့ပြီး အင်တာမီလန် ကို ၃-၁ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ အင်တာ ကတော့ ဒီရှုံးပွဲကြောင့် လာဇီယိုက ပြန်ကျော်တက်သွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ နေရာအတွက် လက်ကျန် ၂ ပွဲမှာ အမှား ထပ်လုပ်လို့ မရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ ဗလင်စီယာ အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် အဆင့် ၃ နေရာကို ပြန်လည် ကျဆင်းသွားခဲ့ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် ဟာ ဘိုင်ယန်မြုးနစ် ခြေချော်မှုကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး ဆီဘတ်စတီယန် ဟေလာ ၊ ဂျူအန် ဘရန့် တို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ အော့ဇ်ဘတ် အသင်းကို ၃-၀ နဲ့ အနိုင်ယူခဲ့ ပါတယ် ။
ဒီနိုင်ပွဲကြောင့် ရာသီပြီးဆုံးဖို့ ၁ ပွဲသာ လိုတော့ချိန်မှာ ဒေါ့မွန် ဟာ ဘိုင်ယန်မြုးနစ် ထက် ၂ မှတ် အသာနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

အမျိုးသမီး စူပါလိဂ် မှာလည်း ချဲလ်ဆီး အမျိုးသမီး အသင်းဟာ အမှတ်ပေး ချန်ပီယံဆု အတွက် အရေးပါတဲ့ အာဆင်နယ် အသင်းနဲ့ ပွဲကို အနိုင် ကစားပြီး ရာသီကုန်ဖို့ ၁ ပွဲအလိုမှာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထား နိုင်ခဲ့ ပါတယ် ။

အာဂျင်တီးနား နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဒုတိယမြောက် အုပ်စုပွဲစဉ်နေ့ မှာတော့ အီတလီ ယူ-၂၀ အသင်းဟာ ဘရာဇီး ယူ-၂၀ အသင်းကို ၃-၂ နဲ့ အနိုင်ကစား သွားခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ချဲလ်ဆီး ဟာ ယူဗင်တပ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး ကလည်း စာချုပ်ပြည့်လို့ အလွတ် နဲ့ ထွက်ခွာဖွယ် ရှိတဲ့ ဂျာမန် ကွင်းလယ်လူ ဂွမ်ဒိုဂန် ရဲ့ နေရာ အတွက် ဘိုင်ယန်မြုးနစ် ကွင်းလယ် ကစားသမား ဂျိုရှူအာ ကင်မစ်ချ် ကို စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။
ကစ်မစ်ချ် ကို ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ ဆန္ဒ ရှိနေပြီး ဘိုင်ယန် ဘက်ကတော့ ဘယ်အသင်းကိုမှ လက်ခံ စကားပြောဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ် ။

လက်စတာ စီးတီး အသင်းကတော့ တန်းဆင်းသွားခဲ့ရမယ် ဆိုပါက မက်ဒီဆင် ၊ ဟာဗေး ဘန်းစ် တို့လို စတား ကစားသမားတွေကို ဈေးသက်သက်သာသာ နဲ့ ရောင်းထုတ်ရနိုင်ချေ ရှိတယ်လို့ သုံးသပ်ထားကြ ပါတယ် ။

စပါး နည်းပြ ရာထူးအတွက် ရေပန်းစား နေတဲ့ နယ်သာလန် ချန်ပီယံ ဖီယင်နော့ဒ် အသင်း နည်းပြ အာနီ စလော့ က သူ ထွက်ခွာဖြစ်ခဲ့မယ် ဆိုပါက ဒါဟာ ကလပ် အတွက်လည်း ကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်လာ စေပါလိမ့်မယ်လို့ ပြောဆိုပြီး အပြောင်းအရွှေ့ သတင်းတွေကို အရှိန်မြှင့် ပေးခဲ့ပါတယ် ။

SPORTS MYANMAR