ဒီရာသီ မန်စီးတီး ရဲ့ လွှမ်းမိုးမှု ထက် မန်ယူနိုက်တက် နှင့် အာဆင်နယ် တို့ရဲ့ အတိတ်က အောင်မြင်မှုက ပိုစစ်မှန် ခမ်းနားတယ်လို့ ဆိုလိုက်တဲ့ ဆာဟာ

မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာ က ဒီရာသီမှာ ပက်ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီး အသင်း ဖလား ၃ လုံး ရခဲ့ရင်တောင် မန်ယူနိုက်တက် ရဲ့ ၁၉၉၉ ခုနှစ် အောင်မြင်မှု ၊ အာဆင်နယ် ရဲ့ ၂၀၀၃-၀၄ ခုနှစ် အောင်မြင်မှုတွေလောက် စစ်မှန် ခမ်းနား လိမ့်မယ်လို့ မထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီ ဖလား ၃ လုံး လမ်းကြောင်း ပေါ်မှာ ရှိနေပြီး ပရီးမီးယားလိဂ် မှာ နိုင်ပွဲ တစ်ပွဲ ရတာ နဲ့ ချန်ပီယံ ဖြစ်မှာ ဖြစ်သလို အက်ဖ်အေ ဖလား မှာလည်း ဗိုလ်လုပွဲ ရောက်နေပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်းဟာ ဒီကြားရက်မှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကို ဂိုးပြတ် ခြေပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လှမ်း ထားနိုင်ပါတယ် ။ ဒါကြောင့် မန်စီးတီး အသင်းဟာ ပြိုင်ပွဲ တစ်ရပ်စီမှာ နိုင်ပွဲ တစ်ပွဲစီ ရယူ နိုင်တာနဲ့ ဖလား ၃ လုံး ချန်ပီယံ ဖြစ်လာတော့မှာပါ ။

လူးဝစ်ဆာဟာ က မန်စီးတီး အသင်းရဲ့ ဒီရာသီ အောင်မြင်မှု အပေါ် လေးစားမှု အပြည့် ထားပေမယ့် ဘောလုံး အားကစားဟာ အရင်ကလောက် သန့်ရှင်း စစ်မှန်မှု မရှိတာကြောင့် အာဆင်နယ် နှင့် မန်ယူနိုက်တက် ရဲ့ အောင်မြင်မှု တွေလောက် ခမ်းနား စစ်မှန်တယ်လို့ မခံစားရကြောင်း OLBG မှာ ပြောကြား သွားခဲ့ပါတယ် ။

” မတူညီတဲ့ ခေတ်က အသင်းတွေကို နှိုင်းယှဉ် ပြောကြား ရတာမျိုးကို ကျနော် မကြိုက်ပါဘူး ။ မန်ချက်စတာ စီးတီး အသင်း နှင့် သူတို့ လုပ်ပြထားတဲ့ အရာတွေကို ကျနော် လေးစားမှု ထားပါတယ် ၊ ဒါပေမယ့် ခပ်မြန်မြန် ပဲ ဝေဖန် အကဲဖြတ် ပေးရမယ်ဆိုရင် ၁၉၉၉ ခုနှစ် အောင်မြင်မှု နှင့် The Invincibles အောင်မြင်မှု က ပိုပြီး အဓိပ္ပါယ်ရှိ စစ်မှန်ပါတယ် ။ ”

” အခုခေတ်က အရင်ကနဲ့ ကွဲပြား ခြားနား သွားပါပြီ ၊ ဘောလုံး ပွဲတွေကို အင်တာနက်ပေါ်ကနေ တိုက်ရိုက် ကြည့်လို့ ရနေတော့ ဘောလုံးကွင်းတွေက လူသိပ်မပြည့်တော့ပါဘူး ။ ဘောလုံး ကွင်းအတွင်း a​tmosphere က ကွဲပြား ခြားနား သွားပါပြီ ၊ အရင်ခတ်ကလို ကွင်းအတွင်း ပရိသတ် ဖိအားလည်း သိပ်မရှိတော့ပါဘူး ။ ”

“ဒီနေ့ခေတ် ကစားသမားတွေ ရင်ဆိုင်နေရတဲ့ ခြားနားတဲ့ စိန်ခေါ်မှုတွေကတော့ ရှိတာပေါ့ဗျာ ။ သူတို့ ကိုင်တွယ် ဖြေရှင်းနေရတဲ့ စိန်ခေါ်မှုတွေ နှင့် မန်စီးတီး အသင်း လုပ်ပြထားတဲ့ အရာတွေ အပေါ် ကျနော် လေးစားမှု ထားပါတယ် ၊ အခုခေတ်က ငွေရေးကြေးရေး အေးဂျင့် အရှုပ်အထွေးတွေ များသလို နေ့တိုင်း ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် ထိတွေ့ ဆက်ဆံ နေရပါတယ် ၊ဒါတွေက အရင်ကနဲ့ မတူတဲ့ အရာတွေပေ့ါဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM