ကွင်းတွင်းမှာ အတူ တွဲဖက်ကစားလိုတဲ့ အင်တာ တိုက်စစ်မှူးဟောင်း ၂ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုသွားတဲ့ လူကာကူ

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်မှာ ချဲလ်ဆီးကနေ အင်တာမီလန်သို့ ယူရို ၈သန်း ၊ တရာသီ အငှားနဲ့ ပြောင်းလာခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ပထမ ဘောလုံးရာသီဝက်ကို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန် ကျော်ဖြတ်ခဲ့ရကာ ၊ ကမ္ဘာ့ဖလား ကျင်းပပြီး နောက်ပိုင်းမှာ ကြံ့ခိုင်မှု တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပါတယ် ။

ကမ္ဘာ့ဖလား နောက်ပိုင်းမှာ လူကာကူဟာ ပြိုင်ပွဲစုံ ၂၇ပွဲ ပါဝင်ကစားခဲ့ပြီး ၊ သွင်းဂိုး ၁၀ဂိုး သွင်းယူခဲ့ကာ ၊ ဂိုးဖန်တီးမှု ၅ကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ် ။ အခု နောက်ပိုင်းပွဲတွေမှာ လူကာကူရဲ့ ကစားပုံ ပြန်တက်လာတယ်လို့ ယေဘူယျ ဆိုနိုင်ပေမယ့် ၊ သူ ချစ်တဲ့ အင်တာမှာ နောက်တရာသီ ကစားရဖို့က အခုထက်ထိ မရေရာသေးပါဘူး

အင်တာမီလန်ရဲ့ ကိုယ်ပိုင် ရုပ်သံအစီအစဉ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ လူကာကူ က ကလပ် ဂန္တဝင် တိုက်စစ်မှူးဟောင်းတွေထဲက သူ တွဲဖက်ကစားလိုတဲ့ ကစားသမား ၂ဦး ၊ အခန်းဖော် အဖြစ် အတူနေချင်တဲ့ တိုက်စစ်မှူးဟောင်း တဦး ၊ ပြိုင်ဖက် အဖြစ် ရင်ဆိုင်လိုတဲ့ နောက်ခံလူဟောင်း တဦးတို့ရဲ့ အမည်ကို အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားပါတယ် ။

လူကာကူ က ” တိုက်စစ် အတွဲအဖက် အနေနဲ့ဆိုရင်တော့ El Fenomeno ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ အတူ တွဲကစားလိုပါတယ် ။ ဘာလို့လဲဆိုတော့ သူက ညာခြေသန်ပြီး ကျွန်တော်က ဘယ်ခြေသန်လို့ပါ ။ ဒါပေမယ့် ကစားပုံ စတိုင်လ်အရ ဆိုရင်တော့ ဗီယယ်ရီနဲ့လည်း ကျွန်တော် တွဲကစားလိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

” အခန်းဖော် အနေနဲ့ ဆိုရင်တော့ ကျွန်တော် အက်ဒရီယာနိုနဲ့ အတူတကွ နေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ လူပုဂ္ဂိုလ်ကောင်း တဦး ဖြစ်လို့ပါ ။ ကျွန်တော် သူနဲ့ စကားပြောတဲ့အခါတိုင်း သူ့ဆီကနေ မတူညီတဲ့ စိတ်ခံစားချက်တွေ ရတတ်ပါတယ် ။ ”

” မာတာရာဇီကိုတော့ ပြိုင်ဖက် ကစားသမား တယောက် အနေနဲ့ ရင်ဆိုင်ကြည့်ချင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ အရပ်မြင့်ပြီး ၊ သန်သန်မာမာ ရှိသလို ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်လို့ပါ ။ ဒီလို နောက်ခံလူတွေဟာ ခင်ဗျားကို အခက်ခဲဆုံး အခိုက်အတန်တွေ တွေ့ကြုံစေတတ်ပြီး ၊ ခက်ခဲတဲ့ အချိန်တွေမှာ ခင်ဗျား တိုးတက်လာပါမယ် ။ ”

” သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် ပွဲတွေဆိုရင် လူတွေ ကြည့်ရတာ စိတ်ဝင်စားလောက်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး လူကာကူက အင်တာမှာ ပထမတကြိမ် ရှိခဲ့စဉ်က ၃ – ၀ နဲ့ နိုင်ခဲ့တဲ့ မီလန်ဒါဘီပွဲမှ သူ့ရဲ့ သွင်းဂိုးကို အကောင်းဆုံးဂိုး အဖြစ် ရွေးချယ်သွားပါတယ် ။

လူကာကူ က ” မီလန်ကို ၃ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲက ဂိုးဟာ ကျွန်တော့ရဲ့ အကောင်းဆုံး အင်တာမီလန်ဂိုး တဂိုးပါ ။ ပါရီဆစ်က ဘောလုံး တင်ပေးလိုက်တဲ့အခါ ရှေ့မှာ ဘာရယ်လာနဲ့ ကျွန်တော် ရှိနေခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်က နီကိုလိုကို ‘ ငါ့အတွက် နေရာဖယ်ပေးပါဦး ‘ လို့ တောင်းဆိုခဲ့ပါတယ် ။ ”

” ရှေ့ကို တိုးဝင်ပြီး ဂိုးသွင်းလို့ ရနိုင်လောက်မယ့် နေရာလွတ်ကို ကျွန်တော် တွေ့ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော် စပြီး ပြေးတက်ခဲ့ပါတယ် ။ ပထမတော့ ညာဖက်ကို ရှေ့ခြေ၂လှမ်း လှမ်းချင်ခဲ့ပါတယ် ။ ဒါပေမယ့် လော်တရို ( မာတီနက်ဇ် ) က အဲဒီမှာ ရှိနေခဲ့ပါတယ် ။ ကျွန်တော် သူ့ကို ဘောလုံး ပြန်ပေးလို့ မရပါဘူး ။ ”

” ဒီတော့ ကျွန်တော် ဘဟ်ဖက်ကို လှည့်သွားပြီး ၊ နေရာလွတ် အသေးလေး တခုကို မြင်လိုက်ရတော့ တတ်နိုင်သလောက် ကန်ချက်ပြင်းပြင်း ကန်နိုင်လိုက်ကာ ဂိုးလည်း ရခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR