ဘုန်းမောက်နဲ့ ပွဲစဥ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း 3 ခု

ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေးအတွက် တိုက်ပွဲဝင်နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် စနေညမှာတော့ ဗိုက်တယ်လတီ ကွင်းထဲ ဘုန်းမောက် အသင််းနဲ့ အဝေးကွင်း ပွဲစဥ် သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။

အဆိုပါ ပွဲစဥ်မတိုင်မီ ကြားရက်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ စကော့ မက် တော်မီနေး တို့ဟာ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပြန်လည်ပါဝင်လာခဲ့ပြီလို့ သိလိုက်ရပါတယ် ။

ရပ်ရှ်ဖို့ဟာ ခြေထောက် ဒဏ်ရာ ရရှိနေခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဝုလ်ဗ် အသင်းနဲ့ ပွဲစဥ်ကို ကစားခွင့် လွဲချော်ခဲ့တာပဲ ဖြစ်ပါတယ် ။ တော်မီနေးကတော့ ဒဏ််ရာကြောင့် ဧပြီလ အလယ်လောက်ကတည်းက အနားယူနေခဲ့ရပေမဲ့ သူလည်း အခုတော့ လေ့ကျင့်နိုင်ခဲ့ပါပြီ ။

ဒါ့အပြင် ဝုလ်ဗ် အသင်းနဲ့ ပွဲစဥ်တုန်းက ဒဏ်ရာ ရရှိသွားတယ်လို့ ထင်ကြေးပေးခံရပြီး မက်ဂွားယားနဲ့ လူစားလဲခံခဲ့ရတဲ့ ရာဖေးလ် ဗာရန်း ဟာလည်း အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပြန်လည် ပါဝင်လာနိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး နှစ်ဦး ဖြစ်ကြတဲ့ အိုမာရီ ဖော်ဆွန် နဲ့ ဒန်နီယယ် ဂိုးရ် တို့ဟာလည်း စီနီယာ အသင်းနဲ့ ပထမဆုံး အကြိမ် အဖြစ် လေ့ကျင့်ခွင့် ရရှိခဲ့ကြတယ်လို့ သိလိုက်ရပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဒဏ်ရာ ရရှိသူဆိုလို့ မာဆယ် ဆာဗစ်ဇာ ၊ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့သာ ကျန်ရှိ နေကြပါတော့တယ် ။ သူတို့ကတော့ ရာသီကုန် အထိ အနားယူရလိမ့်မယ်လို့ သိရပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ရပ်ရှ်ဖို့ ၊ တော်မီးနေး နဲ့ ဗာရန်း တို့ ဘုန်းမောက်နဲ့ ပွဲစဥ်အမီ ပွဲထွက် ကစားပေးနိုင်မလားဆိုတာကိုတော့ ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုပေးသွားဖို့ ရှိနေပါတယ် ။ အခု ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ သူတို့တွေ အခြေနေ ကောင်းတယ်လို့ သိရပါတယ် ။

#Sports_Myanmar